မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန် ထိုင်းနိုင်ငံမှာ ကွယ်လွန်

 

ဇန်နဝါရီ ၁၇ – ၂၀၂၄

SN (VOM)

မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ နိုင်ထောမွန်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ ထိုင်းစံတော်ချိန် မနက် ၇ နာရီလောက်က ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီဆေးရုံ (ဝင်ကမွန်ရွာဆေးရုံ) မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

“ဒီမနက် ၇ နာရီလောက်က ကွယ်လွန်တာပါ။ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို လာမယ့် ၂၁ ရက်နေ့မှာ ဂျပန်ရေတွင်းမှာ အသုဘရှုအခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ အခမ်းအနား မတိုင်ခင်အထိတော့ ဥက္ကဋ္ဌကြီးကို လာရောက် ဂါရဝပြုလို့ရပါတယ်” လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နိုင်ထောမွန်ရဲ့ ရုပ်ကလာပ်ကို စံခလပူရီဆေးရုံမှ ထိုင်း-မြန်မာနယ်၊ ဘုရားသုံးဆူမြို့နယ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ ဂျပန်ရေတွင်းကျေးရွာကို သယ်ဆောင် ထားရှိသွားမှာဖြစ်ပြီး အဲ့ဒီ့ရွာမှာပဲ ဈာပနအခမ်းအနား ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ထောမွန်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာမှာ ဖခင် ဦးသောင်းစိန်နဲ့ မိခင် မိငွေကြည်တို့က ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ငယ်နာမည်ကတော့ “မင်းရွှေထား” ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ထောမွန်ဟာ ကမာဝက်‌ကျောင်းမှာ မူလတန်းကနေ အထက်တန်းအထိ တက်ရောက်ပညာသင်ကြားခဲ့ပြီး ၁၀ တန်းကို မုဒုံမြို့၊ အထက (၁) ကျောင်းမှာ အောင်မြင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

၁၉၆၅ ခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီကို ဝင်ရောက်လာခဲ့ပြီး ပါတီမှာ ဆက်သွယ်ရေး တပ်သားအဆင့်ကနေ စတင် တာဝန်ထမ်းဆောင်ခဲ့ကာ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၃ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတာ့ လေးယောက်မြောက် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဥက္ကဋ္ဌတာဝန်ယူထားတဲ့ကာလ ၂၀၁၈ ခုနှစ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ (၁၀) ကြိမ်မြောက် ပါတီညီလာခံမှာတော့ နိုင်ထောမွန်ဟာ ကျန်းမာရေးအရ ပါတီဂုဏ်ထူးဆောင် ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်း ရယူခဲ့တာဖြစ်ပြီး ဒီကနေ့ ကွယ်လွန်ချိန်မှာတော့ ဇနီး၊ သမီးတယောက်နဲ့ သားနှစ်‌ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW