မိတ္ထီလာမှာ ကျောင်းသား စုံညီပွဲတော်မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်လို့ ကျောင်းသား တဦးသေဆုံး

ဇန်နဝါရီ ၊ ၁၈ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ဒီကနေ့ ဇန်နဝါရီ ၁၈ရက် မနက် ၁၁ နာရီဝန်းကျင်က ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးလို့ ကျောင်းသား တယောက်သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောင်းသား မိဘတယောက်က
” ဒီမနက်က ပြည်သာယာ (မြောက်) အလယ်တန်းကျောင်းမှာ ကျောင်းသားတွေ စုံညီပွဲတော်ရှိတယ် ၊ ခိုက်ရန်ဖြစ်ပွားတာက ကျောင်အပြင်ဘက် လမ်းပေါ်မှာ ဖြစ်တယ် ၊ ဖြစ်တဲ့ ကျောင်းသားတွေက နှစ်ယောက်တဖွဲ့ ကျောင်းသားတွေဘက်က ဂရိတ် 8 တန်း နဲ့ ဂရိတ် 9 တန်းက ကလေးတွေဖြစ်တယ် ၊ သူတို့နဲ့ ခိုက်ရန်ဖြစ်တဲ့ ကျောင်းသားက မောင်ရာဇာထွန်း အသက် ၁၉ နှစ် သူက ယာယီကျောင်းတက်နားထားတဲ့သူဖြစ်တယ် ၊ လည်ပင်းနဲ့ ဝမ်းဗိုက်နေရာတွေမှာ ထိုးသွင်းဒဏ်ရာနဲ့ နေရာမှာ သေဆုံးသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မိတ္ထီလာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့တဲ့ ကလေးနှစ်ယောက်ကို ရဲစခန်းမှာ စစ်ဆေးနေဆဲဖြစ်တယ်.” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ဓားထိုးခံရလို့ သေဆုံးသွားတဲ့ ကျောင်းသားဟာ ကျောင်းတနှစ်နားထားရတဲ့ ကျောင်းသားဟောင်းတယောက်ဖြစ်ပြီး စုံညီပွဲတော်မို့ လာတာဖြစ်တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ဟာ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းမှာ တည်ရှိပြီး ၊ လူဦးရေ လူနေထူထပ်ကာ လူမျိုးပေါင်းစုံ ၊ ယဥ်ကျေးမှုပေါင်းစုံ နေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။

ဓာတ်ပုံ ၊ ကိုဝေယံ မိတ္ထီလာ

Related posts

Leave a Comment

VOM News

FREE
VIEW