ဒီပဲယင်းနယ်မှာ လူ ၃၀ ကျော် အဖမ်းခံရပြီး အဲ့ဒီထဲက လူလေးယောက်ရဲ့ ရုပ်အလောင်းတွေသာ ပြန်တွေ့ရ

ဇန်နဝါရီ ၊ ၁၉ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ အရှေ့ဘက်အခြမ်း ၊ မဲအိုကျေးရွာ မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ လူတချို့ရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ဇန်နဝါရီ ၁၉ရက် မနက်ပိုင်းက လက်ယက်ကုန်းရွာနားမှာ ပြန်လည်တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒီပဲယင်းနယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေသခံ ပရဟိတသမားတယောက်က
” လက်ယက်ကုန်းရွာဘက်မှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း လေးလောင်း တွေ့ရတယ် ၊ အမျိုးသား သုံးလောင်းကတော့ ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်သတ်ခံထားရတယ် ၊ ကျန် တယောက်ကတော့ မီးလောင်ပြင်ထဲက တွေ့ရတယ် ၊ အဲ့ဒီ ရုပ်အလောင်းက အမျိုးသမီးဖြစ်ဖို့ များတယ် ၊ ခန့်မှန်းချက်အရတော့ သေဆုံးသူတွေဟာ အသက် ၄၀ နဲ့ ၅၀ ကြား အရွယ်တွေ ဖြစ်နိင်တယ် ၊ ကနဦး ကြားသိရတာကတော့ မနေ့က မဲအိုရွာဘက်က အဖမ်းခံရတဲ့သူတွေ အသတ်ခံရတာ ၊ ဘယ်သူတွေ သတ်သွားတယ်ဆိုတာ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့ခံ စပါးကုန်သည်တယောက်က
” ဒီပဲယင်းနယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းတွေဝင်နေလို့ စပါးဝယ်မသွားရဘူး ၊ မနေ့ကတော့ မဲအိုရွာဘက်မှာ လူ ၄၀ လောက် အဖမ်းခံရတယ်ကြားတယ် ၊ ဘယ်သူတွေ ပါသွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အဲ့ဒီထဲမှာ အမျိုးသမီးတချို့ ပါသွားတယ်လို့ ကြားရတယ် ၊ ရွာခံတွေနဲ့ ပါသွားတဲ့ သူတွေဟာ အခုထိ အဆက်အသွယ် မရကြသေးဘူး ” လို့ ပြောပါတယ်။

ရေဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ဒီပဲယင်းနယ် မဲအိုရွာဘက်မှာ နယ်မြေရှင်းလင်းရင်း လက်နက်ကိုင်ခေါင်းဆောင် အောင်မြင့်ကျော် အပါအဝင် လူတချို့နဲ့ UAVဒရုန်း(၂)စီး ၊ အိုင်ကွန် ဆက်သွယ်ရေး စကားပြောစက် (၇) လုံး ၊ ကာဘိုင် သေနတ် (၁) လက် ၊ လက်လုပ် RPG ဗုံးပစ်လောင်ချာ (၁)လက် ၊ စိန်ပြောင်း (၁)လက်သိမ်းဆည်းရမိတယ်လို့ ကနဦး ကြားရတယ် ၊ မြေပြင်ဖြစ်စဥ် အချက်အလက်တော့ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီပဲယင်းနယ် လူမှုကွန်ရက်ပေါ်မှာတော့ လက်ယက်ကုန်းရွာမှာ ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း လေးလောင်း တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင်ထဲမှာတည်ရှိပြီး ၊ ရွှေဘိုခရိုင် ၊ မုံရွာခရိုင် ၊ ယင်းမာပင်ခရိုင်တို့နဲ့ နယ်နမိတ်ချင်းထိစပ်ကာ မြို့ပြလူနေရပ်ကွက် ၇ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၅၆ အုပ်စု ၊ ကျေးရွာပေါင်း ၁၈၉ ရွာ ၊ ပြီးခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းကျော်ရှိတဲ့အနက် ၊ ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်မှာ ပဋိပက္ခဖြစ်စဥ်တွေကြောင့် မြို့နယ်ရဲ့လူဦးရေ သုံးပုံ နှစ်ပုံခန့်ဟာ တခြားမြို့နယ်တွေဆီကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW