မမချစ် ငန်းဆေးနှင့် ဆရာမြိုင့် ဆေးရည်

 

 

ဆူးငှက်

 

 

မျက်လုံးအိမ်အတွင်း ပူနေသလို ခံစားနေသည်။ မျက်ရည်တွေကလည်း အလိုလို စီးကျလာသည်။ လက်ဖဝါးလေးတွေက စပ်ရှိန်းရှိန်း။ တစ်ကိုယ်လုံးလည်း ညောင်းညာနေသလို ခံစားရသည်။ အမေက ထမင်းအိုး တည်နေရာမှ “ဟိုကောင်လေး မထသေးဘူးလား။ နေမြင့်လှပြီ၊ ကျောင်းသွားရင် ကတိုက်ကရိုက် ဖြစ်ရော့မယ်။ နှိုးလိုက်ဦးတော့်” ဟု အဖေ့ကို လှမ်းပြောလိုက်သည်။ အဖေက ခြင်ထောင်အား လှပ်၍ လက်တစ်ဖက်ဖြင့် လက်မောင်းကို ဆုပ်ကိုင်ကာ လှုပ်ရမ်းလိုက်သည်။ အဖေ့လက်က အေးစက်သွား၏။ ကြက်သီးများပင် ဖြန်းကနဲ ထကာ စိမ့်ခနဲ တုန်ခိုက်သွားသည်။

“ဟ ကိုယ်တွေလည်း ပူလို့ပါလား။ ဒီကောင်တော့ ဖျားပြီထင်တယ်” ဟုပြောကာ ဆွဲထူးပွေ့လိုက်ပြီး ခြေတွေလက်တွေ နဖူးတွေ စမ်းကြည့်သည်။

 

“ဖျားရောပေါ့၊ မနေ့ညနေက မျောက်ရှုံးအောင် ဆော့၊ ပြန်လာတော့ ချွေးမတိတ်သေးဘဲ ရေချိုးတာလေ။ မပြောချင်တော့ဘူး” ဟ ုအမေက မြည်တွန် တောက်တီးနေ၏။ အဖေက ခြင်ထောင်တွေ ဖြုတ်၊ စောင်တွေ ခေါက်သိမ်းပြီး “ကဲ ထ ထမျက်နှာသစ်ပြီး မမချစ် ငန်းဆေး တစ်ခွက်လောက် သောက်လိုက်” ဟုပြော၏။

 

ကျွန်တော် လူးလဲ ထလိုက်သည်။ ခေါင်းထဲက တစစ်စစ်ကိုက်လာ၏။ သို့သော် “မမချစ်ငန်းဆေး” ဆိုကတည်းက မကြာမီ သက်သာ နေကောင်းသွားတော့မည်ဆိုတာ သေချာနေပြီ။

 

“ကိုင်း ထမင်းအိုးလည်း ကျက်ပြီ။ ထန်းလျက်လေး တစ်လုံးလောက်ကို ချင်းတက်ကလေးနဲ့ ကျိုထားလိုက်မယ်။ ဆေးသောက်ပြီးရင် ထန်းလျက်ရည် ပူပူလေးပါ သောက်လိုက်” ဟု အမေက လှမ်းပြောသည်။ ကျွန်တော် သွားတိုက် မျက်နှာသစ်နေစဉ်မှပင်အဖေက ကြောင်အိမ်ပေါ်ရှိ ပုလင်းဖြူကြီးထဲမှ အဖြူရောင် ငန်းဆေးမှုန့်တွေကို အကြမ်းပန်းကန်လုံး တစ်လုံးတည်း ဆီးဖြူသီးခန့် ထည့်၏။ ထို့နောက် ရေနွေးကရားထဲက အနွေးဓာတ် ရှိနေသေးသော ရေကြက်သီး နွေးကလေးကို အကြမ်းပန်းကန်လုံးထဲထည့်ကာ လက်ခလယ်ဖြင့် မွှေရင်း နှုတ်မှ “ဘုရားဆေး၊ သိကြားဆေး” ဟု တတွတ်တွတ် ရွတ် နေသည်။

 

မျက်နှာသစ်ပြီးနောက် အကြမ်းပန်းကန်ထဲက ဖျော်ထားသော ဆေးတွေကို မော့သောက်လိုက်ရ၏။ လည်ချောင်း ထဲတွင် ပူပူစပ်စပ် အရသာက ချက်ချင်း ထိုးဆင်းသွားသည်။ ရင်ထဲမှာ နွေးခနဲ ခံစားလိုက်ရ၏။ တစ်ကိုယ်လုံး စပ်ဖျဉ်းဖျဉ်း ဖြစ်သွားသည်။

“ကဲ ထန်းလျက်ရည် ပူပူလေး မှုတ်သောက်လိုက်၊ ချင်းဖတ်ကလေးတွေပါ ဝါးစား” ဆိုကာ အငွေ့တထောင်းထောင်း နှင့် ထန်းလျက်ရည် တစ်ခွက်ကို အမေက ပေးသည်။ ကျွန်တော်က တဖူးဖူး မှုတ်ကာ သောက်လိုက်သည်။နဖူးဆီမှ ချွေးကလေးပင် စို့လာ၏။ လက်ဖက်ရည်သောက် ပန်းကန်လုံးထဲ ထန်းလျက်ရည် လက်ကျန်နှင့် ချင်းဖတ်တွေကိုပန်းကန်ထဲ ထပ်ထည့်ပေးပြီး “လက်စနဲ့ အကုန်သာ သောက်လိုက်တော့၊ ပြီးရင် ကမြစ် လက်ရှည် အင်္ကျီလေး ဝတ်ထား”ဟု ပြောပါသည်။

 

ထမင်းအိုးကျက်၊ နောက်ထပ် ဟင်းအိုးတစ်လုံး ချက်အပြီး၊ မီးသွေးမီးဖိုကလေးထဲက မီးကျီးတွေကို မြေအိုးလေးတစ်လုံးထဲထည့်ကာ ငြိမ်းသတ်ပြီး ဈေးရောင်းထွက်ဖို့ အမေ ပြင်ဆင်နေဆဲမှာပင် ကျွန်တော့် တစ်ကိုယ်လုံး ချွေးတွေ ထွက်လာကာ လူလည်း ပေါ့ပါး ရွှင်လန်းသွားပါသည်။ သေချာသည်၊ ကျွန်တော် နေကောင်းသွားပါပြီ။ အမေ့ဆီက မုန့်ဖိုးတောင်းပြီးကျောင်းသွားတော့မည်။

 

 

ငယ်စဉ်က ကျွန်တော်တို့ အိမ်ရှိ ကြောင်အိမ်ပေါ်မှာ အဝကျယ် ဖန်ပုလင်း ၃လုံး၊ ၄လုံး ရှိသည်။ ထိုဖန်ပုလင်းများအထဲ၌ “မမချစ်”၏ တော်ဝင် နန်းသုံး တိုင်းရင်းဆေးတွေ အမြဲအပြည့် ရှိသည်။ သွေးဆေး၊ လျက်ဆား၊ ငန်းဆေးနှင့်ဝမ်းနုတ်ဆေးများ ဖြစ်သည်။ ကျွန်တော်၏ မိဘများက မန္တလေးမြို့ ဒေါင်းရိုး သဘောၤတန်းရပ်ရှိ စိုင်ပြွန်မင်းသားကြီး ဝင်းအတွင်း အခြေချ နေထိုင်ပြီး ကျွန်တော်က ထိုဝင်းအတွင်း မွေးဖွားခဲ့သည်။ စိုင်ပြွန် မင်းသားကြီးကဘိုးတော်ဘုရားနှင့် အလယ်နန်းမတော်မိဖုရားကြီးတို့မှ ဆင်းသက်လာသည့် အဆက်အနွယ်ဖြစ်ပြီး၊ ကျွန်တော် မွေးဖွားစ အချိန်အထိ စိုင်ပွန်မင်းသားကြီး၏မြေးတော် ဒေါ်ချစ်ချစ်ကို တစ်ဝင်းလုံးက “မမချစ်”ဟုပဲ ခေါ်ကြတော့ “မမချစ်”ဟုပဲ ကျွန်တော်တို့ ကလေးတွေအထိ နှုတ်ကျိုးနေကြပြီ။

 

 

မမချစ်မှာ ရှေးမင်းအဆက်ဆက် နန်းသုံးတော်ဝင် မြန်မာတိုင်းရင်းဆေး ပုရပိုက်ကြီးတွေ ရှိသတဲ့။ ထို ပုရပိုက်ကြီးများပါဆေးညွှန်းများအတိုင်း မမချစ်တို့ ဘိုးစဉ်ဘောင်ဆက် ဆေးဝါးများ ဖော်စပ်မှီဝဲ သုံးစွဲခဲ့ကြတာတဲ့။ မမချစ်ကလည်း ဆေးတွေဖော်ပြီး လက်လှမ်းမီ သမျှ ဝေငှသည်။ ကျွန်တော် မှတ်မိသည့် အရွယ်အထိ မမချစ် ဆေးဖော်စပ် ခဲ့သည့် ဆေးကြိတ် ကျောက်ပြားကြီးတွေ၊ ကျောက်လုံးတွေ၊ ဆေးစပ်သည့် စဉ့်အင်စဉ့်အိုးကြီးတွေ မြင်ဖူးခဲ့ရသည်။ ကျွန်တော်တို့ ဝင်းထဲရှိ အိမ်တိုင်းစေ့မှာ မမချစ်က ဆေးတွေ ပေးထားသည်။ ထိုမျှသာမက သူကိုယ်တိုင်ပင် အိမ်ပေါ်မှ ဆင်းလာကာ ဖျားနာ နေမကောင်း နေသူတွေကိုဆေးပေးသည်။ ဆေးကုသည်။ အလွန် အဖိုးတန် ရှားပါးသော ဆေးဝါးများကို လိုအပ်လျှင် လိုအပ်သလို သူ့အိမ်မှ ယူလာပြီးတိုက်ကျွေးသည်။

 

 

မှတ်မှတ်ရရ ငယ်စဉ်က ကျွန်တော် ဝက်သက်ပေါက်တော့ မမချစ်ကိုယ်တိုင် ဆင်းလာပြီးသူ့ဆေးအနက်လေး နှစ်လုံးလောက်တိုက်လိုက်တာနဲ့ ပျောက်သွားတာတဲ့။ အမေတို့ တဖွဖွ ပြောခဲ့ကြတာ ကြားဖူးသည်။ မမချစ် ဆုံးသွားပြီးနောက် နှစ်ပေါင်းအတော်ကြာသည်အထိ ဖော်စပ်ပြီးသား ဆေးတွေထဲ “မမချစ်”ဆေးတွေ နှစ်အတော်ကြာကြာ မပြတ်လပ် ခဲ့တာ သတိရမိသည်။ကြောင်အိမ်ပေါ်က ဆေးပုလင်းတွေထဲ မမချစ်ဆေးတွေ ရှိနေသ၍ ကျွန်တော်တို့ အားလုံး ကျန်းမာခဲ့ကြ ပါသည်။ ထို့ပြင် မမချစ်ဆေးသောက်ပြီး ချွေးလေးစို့ကာ နေကောင်းလာသော်လည်း နေမကောင်းလို့ ဟူသည့် အခွင့်အရေး တစ်ရပ် အနေနှင့် ဝင်းထိပ်ဦးပုဆိုင်က ကရင်ဆိုဒါ အစိမ်းရောင် ဘိလပ်ရည် လည်း အမေက တိုက်သေး၏။ ဘိလပ်ရည်သောက်အပြီး ဂေ့ခနဲ လေတက်တော့ ငန်းဆေးအနံ့လေးပင် ရနေသေးသည်။

 

 

ထို့အတူ ကျွန်တော် နေမကောင်းလျှင် လမ်းလယ်ဘုရားအနီးက “ဆရာမြိုင်” ဆေးတိုက်သို့ သွားရမည်ဆိုကာဆိုက်ကားခေါ်တော့ ကျွန်တော်က အလိုလို ပျော်နေသည်။ ၄တန်း၊ ၅တန်း ကျောင်းသား အရွယ်လောက်က ဖြစ်မှာပေါ့။ အိမ်မှာဆေးတွေလည်းကုန်၊ ရောဂါဘယတွေ ကလည်း တုပ်ကွေးတဲ့၊ တိုက်ဖွိုက်တဲ့ ဆိုတာမျိုးတွေ ကြားလာ ကြုံလာ ကြရသောအခါနည်းနည်းလေး အဖျားရက်ရှည် လာတာနှင့် “ဆရာမြိုင်”ဆေးတိုက်သို့ ပြေးရတော့သည်။ မှတ်မိနေတာက “ဆရာမြိုင်”ကအသက်၅၀ကျော်လောက် ရှိမှာပေါ့။ အရပ်ပျပ်ပျပ်၊ အသားဖြူသည်။ ရွှေကိုင်းမျက်မှန် အသေးလေး တပ်ထားပြီး မျက်မှန်ကနှာခေါင်းပေါ် လျှောကျကာ မျက်မှန် ပေါ်မှနေ၍ မျက်ခုံးပင့်ပြီး ကြည့်သည်။ ပိနေအောင် ဖြီးထားသော ဆံပင်တိုတိုက ငွေရောင်တောက်နေသည်။ အဖြူရောင် စွပ်ကျယ် လက်စကကို ဝတ်ထားပြီး အကွက်ကျဲ ပလေကပ် လုံချည်ကို ဗိုက်ပေါ်အထိ တင်ကာဝတ်ထားတတ်သည်။

 

နံကပ်တိုက်လေး ထဲက သူ့ဆေးခန်းလေးထဲ ရောက်တော့ ထိုင်ခုံလေး တစ်လုံးပေါ် ထိုင်ခိုင်းပြီး လက်ကောက်ဝတ်ကို လက်မလေးနှင့် အသာဖိကာ သွေးခုန်နှုန်းစစ်သည်။ ပါးစပ်ဟခိုင်းကာ လျှာကိုကြည့်သည်။ အာသီးကြည့်သည်။ မျက်ခွံလှန်ကြည့်သည်။ ကျွန်တော် မှတ်မိသရွေ့တော့ ပြဒါးတိုင်ဖြင့်ပင် အဖျားမတိုင်းဘူး ထင်သည်။ နားကျပ်နှင့်ထောက်၍လည်း မစမ်းဘူး ထင်သည်။ အဖြစ်အပျက်နှင့် ဝေဒနာ ခံစားမှုတွေအား ပါလာသည့်လူကြီးတွေနှင့် ကာယကံရှင်ကို မေးသည်။ စကားတော့အပိုမပြော။

 

အားလုံး စမ်းသပ် မေးမြန်းပြီးနောက် ခါးလောက်ထိ မြင့်သော စားပွဲခုံကြီး တစ်လုံးအနား သွားကာ စင်ပေါ်တွင်  အစီအရီ တင်ထားသည့် အဝတွင် ဖန်ပေသီးကြီးတွေလို အဆို့တွေပါသည့် ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ ပုလင်းကြီးတွေ အနက် လိုအပ်သည့် ပုလင်းတချို့အား ယူပြီး စားပွဲပေါ်တင်ကာ ရှည်မျောမျော ဖန်ပြွန်လေးတွေ၊ ဖန်ကတောင်းလေးတွေနှင့် ပုလင်းကြီးများအတွင်းမှ အပြာရောင် အရည်တွေ ထည့်လိုက်၊ အနီရောင် အရည်တွေ ထည့်လိုက်၊ အဝါရောင် အရည်တွေ ထည့်လိုက်၊ အဖြူရောင် ဆေးမှုန့်တွေကို ချင့်ခွက်ကလေးနှင့် ချင့်တန်ချင့်၊ ငွေရောင် ချိန်ခွင်ကလေးထဲ ချိန်တန်ချိန်ပြီး စောစောက အရောင်စုံအရည်တွေထဲ ထည့်ကာ ဖန်တုတ်ချောင်းလေးနှင့် မွှေလိုက်၊ လှုပ်လိုက်နှင့် အားလုံးပြီးလျှင် ပြောင်လက် နေအောင် ဆေးကြောထားသည့် ပုလင်းလွတ် တစ်လုံးထဲ ထည့်ပေးသည်။

 

ထိုပုလင်းကိုယ်ထည်မှာ စက္ကူကလေးအား ဆနွင်းမကင်း ပုံလေးတွေအတိုင်း အထက်အောက် ပုံဖော်ကာ ကပ်ထားသည်။ ဤသို့ဖြင့် ထိုသို့သောပုလင်းလွတ် ကလေးမျိုး ၃လုံး၊ ၄လုံးထဲ အနီရောင် ဆေးရည်၊ အဝါရောင် ဆေးရည်၊ ပန်းရောင်ဆေးရည် စသည်ဖြင့် ထည့်ပေးကာ အနီက မနက်၊ နေ့၊ ည တစ်နေ့ ၃ကြိမ်။ အဝါက မနက်စာစားပြီးနဲ့  ညနေစာ စားအပြီးတစ်နေ့ ၂ကြိမ်။ ပန်းရောင်ဆေးက ညအိပ်ရာဝင် တစ်ကြိမ် စသည်ဖြင့် မှာပြီး ကြက်းသားပြုတ်ကြော်၊ ဒါမှမဟုတ် ငါးကြော်လေးနှင့် ထမင်းစားပါဟု တစ်ဆက်တည်းမှာလိုက်၏။

 

ဆရာမြိုင့် ဆေးရည်တွေကိုတစ်ကြိမ်သောက်လျှင် ပုလင်းမှာကပ်ထားသည့် ဆနွင်းမကင်းပုံ စက္ကူအမှတ်လေး အပြည့်ဇွန်းထဲငှဲ့ကာ သောက်ရသည်။ ချိုချို၊ ရှရှ၊ ပူပူရှိန်းရှိန်းလေးနှင့် အရသာရှိလှ၏။ အကယ်၍ လူကြီးတွေမအားလို့ သူတို့ ကိုယ်တိုင်မတိုက်နိုင်ဘဲ ကိုယ်တိုင် ငှဲ့သောက်ဟု ဆိုလျှင် စက္ကူအမှတ်လေး နှစ်မှတ်လောက်အထိ သောက်ပစ်လိုက်သည်။ သောက်ကောင်းတာကိုး။

 

ဆရာမြိုင့် ဆေးတွေက သောက်လို့ကောင်း၊ ကြက်သားကြော်၊ ငါးကြော်လေးတွေနှင့်လည်း ထမင်းစားရမှာမို့  ဆရာမြိုင့် ဆေးခန်းသွားကြစို့ ဟု ဆိုလျှင် ပျော်နေသည်။ ဤသို့ဖြင့် ဆေးဟူသမျှ မကြောက်ခဲ့ရတော့။ သြော်.. ငယ်စဉ်ကာလ ဖျားနာရသည်ကပင် လွမ်းစရာ ကောင်းနေသေးတော့သည်။

 

 

ဆူးငှက်

 

#voiceofmyanmar  #VOM #မမချစ်ငန်းဆေးနှင့်ဆရာမြိုင့်ဆေးရည် #ဆူးငှက်

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW