သာစည် X- Ray စစ်ဆေးချိန်ကြာမြင့်တဲ့အတွက် အသီးအနှံ ကုန်စိမ်း ပျက်စီးဆုံးရှုံးမှုတွေ ရှိနေ

 

ဖေဖော်ဝါရီ ၃ – ၂၀၂၄

SN (VOM)

မန္တလေးတိုင်း၊ သာစည်မြို့နယ်ထဲက ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ X- Ray စက် စစ်ဆေးချိန် ကြာမြင့်တာကြောင့် သစ်သီး၀လံနဲ့ ကုန်စိမ်းကားတွေမှာ ပျက်စီးဆုံးရှုံးတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။

ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ (အရှေ့ပိုင်း) က ဆင်းလာပြီး ရန်ကုန်နဲ့ မန္တလေးဘက်ကို သွားတဲ့ ယာဥ်တွေအနေနဲ့ ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ X- Ray ဖြတ်သန်းရတာဖြစ်ပြီး ကြာမြင့်ချိန် အချိန်စုစုပေါင်း ၁၂ နာရီဝန်းကျင်လောက် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

“ဒီကုန်စိမ်းတွေက ရှမ်းတောင်ကနေ ထွက်ကြတာ။ ဒီဒေသထွက်တဲ့ ပစ္စည်းတွေက သူတို့ဆီမှာ ဒေသလိုအပ်ချက်အရ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ရန်ကုန်၊ မန္တ‌လေးနဲ့ တိုင်းနဲ့ပြည်နယ်တွေပေါ့။ ရန်ကုန်မှာလည်း ကုန်စိမ်းတွေက တရက်ကို ၇၀ ရာခိုင်နှုန်းလောက် စီးဆင်းတယ်။ ဒီရက်ပိုင်းဆို နည်းနည်းများတယ်ပေါ့နော်။ အာလူး၊ ကြက်သွန်တွေလည်း ဝင်တာများတယ်။ အဲ့တော့ ပြောချင်တာက ကျွန်တော်တို့ ကားတွေက အများနည်းတူ စောင့်ရတဲ့အခါကျတော့ အဆင်မပြေဘူး။ ကျွန်တော်တို့ကားတွေမှာ ကုန်စိမ်းတွေ၊ ကြက်ဥတွေ၊ ဘုရားပန်းတွေ စသဖြင့်လည်း ပါမယ်။ ဒီကားတန်းကို စောင့်နေရမယ်ဆိုရင် အဆင်မပြေဘူး။ အဲ့ဒါကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ကို ကူညီပေးစေချင်ပါတယ်” လို့ ဦးကျင်သိန်းက ပြောပါတယ်။

အဲ့ဒါကြောင့် X- Ray ဖြတ်တဲ့ စစ်ဆေးရေးဂိတ်တွေမှာ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ၊ ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်းတွေ၊ သတ်မှတ်အရည်အသွေး ကျဆင်းနိုင်တဲ့ ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တွေကို ဦးစားပေးစနစ်နဲ့ တန်းစီစရာမလိုဘဲ စစ်ဆေးခွင့်ပြုပေးစေလိုတယ်လို့ သူက ပြောပါတယ်။

“ပြီးတော့ သွားရလာရတာကလည်း လမ်းခရီးမှာ မာရှယ်လောတွေလည်းရှိတော့ ဒါအတွက်လည်း အချိန်ပေးပြီး သွားရသလို X- Ray မှာလည်း တခါထပ်စောင့်နေရတော့ အချိန်ကြန့်ကြာမှုတွေ ပိုဖြစ်တယ်။ ပြီးတော့ ရန်ကုန်ထဲ ကုန်အဝင်နောက်ကျမှာစိုးလို့ အရင်ထက်ပိုပြီး နည်းနည်းလေး ပိုမောင်းကြတဲ့အခါမှာ စိုးရိမ်တာက မော်တော်ယာဉ်ဆိုတာက စက်ပစ္စည်းချို့ယွင်းတာ၊ လူရဲ့ ဆုံးဖြတ်ချက်မှားတာနဲ့ လမ်းမှာ မတော်တဆဖြစ်ဖို့က ပိုများတယ်လေ။ အဲ့ဒါကြောင့် ဒါတွေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်” လို့ သူက ပြောပါတယ်။

စားသုံးကုန်ပစ္စည်းတွေ ‌အဝင်နောက်ကျပြီး ပြတ်တောက်သွားမယ်ဆိုရင်လည်း ကုန်‌စည်ဈေးနှုန်း အပြောင်းအလဲတွေ ဖြစ်သွားနိုင်တာကြောင့် ကုန်‌ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးနဲ့ ကုန်စည်စီးဆင်းမှု တည်ငြိမ် ချောမွေ့စေရေးအတွက်ကိုလည်း စဉ်းစားပေးစေလိုတယ်လို့ သူက ပြောပါတယ်။

“အဲ့ဒီ့နေရာမှာ ပြောစရာတခုရှိတာက နိုင်ငံတော်ကလည်း သူတို့ လုံခြုံရေးဆိုက်ကနေ တရားမဝင်ကုန်စည် တိုက်ဖျက်ရေးက တရားမဝင်တဲ့ကုန်စည်တွေ၊ နိုင်ငံတော်က ကန့်သတ်ထားတဲ့ ပစ္စည်းတွေအတွက်ကို တာဝန်အရ စစ်ဆေးရေးတွေ ပြုလုပ်တဲ့အခါကျတော့ ကျွန်တော်တို့မှာ အရမ်းကြီးတောင်းဆိုရတာ အခက်အခဲဖြစ်ပါတယ်။ ဒီ လုံခြုံရေးကတဖက်၊ ကုန်စည်စီးဆင်းမှုကတဖက် ဖြစ်နေတယ်။ ဒီပေါ်မှာ ကျွန်တော်တို့ကို မစစ်ဆေးပါနဲ့လို့ မပြောလိုဘူး။ ဦးစားပေးစနစ်လေးနဲ့ ကျွန်တော်တို့ကို ဖြေလျော့လို့ရရင် ဖြေလျော့ပေးပါလို့ ဒါ‌လေးကို ပြောချင်တာပါ” လို့ သူက ပြောပါတယ်။

အရင်က အဲ့ဒီ့ စစ်ဆေးရေးဂိတ်မှာ မော်တော်ယာဥ်တွေ များပေမယ့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ရတာမျိုး မရှိခဲ့ဘဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လကုန်ပိုင်းကစပြီး အခုလို နာရီနဲ့ချီ စောင့်ဆိုင်းရမှုတွေ ဖြစ်လာတာလို့ သိရပါတယ်။

“ကားတန်းက နှစ်ထပ်၊ သုံးထပ်လောက်ရှိတယ်။ အတက်လည်း အဆင်းကားနဲ့ ပိတ်တာပဲ။ ကားတွေက ကျော်တက်နေတော့ ပိုဆိုးတယ်။ သူက ညောင်ခါးရှည်ထက် ပိုဆိုးတယ်။ ညောင်ခါးရှည်က မြေပြန့်လေ။ ကားတန်းရှည်လို့ စောင့်ရင်လည်း ကားစက်ရပ်ထားပြီး စောင့်နေလို့ရတယ်။ ဒီက တောင်တက်၊ တောင်ဆင်းလမ်းဆိုတော့ ကားစက်ကနှိုးထားရတယ်။ ကားဘီးကို တလိမ့်ချင်းလှိမ့်ပြီး ‌သွားနေရ‌တာဆိုတော့ စက်ရပ်ထားလို့မရတော့ အလဟဿ ဆီပိုကုန်တာပေါ့” လို့ အ‌ဝေးပြေးကုန်တင်ယာဥ်မောင်း တယောက်က ပြောပါတယ်။

ကုန်စည်ပို့ဆောင်တာမှာ ပုံမှန်လမ်းကြောင်းထက် အချိန်ကြန့်ကြာပြီး လမ်းခရီးအခက်အခဲတွေကြောင့် ကုန်စည်ပို့ဆောင်ခတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW