စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေး ထိုးစစ်တွေကြောင့် ထိခိုက်သေဆုံးတာတွေများလာ

ဖေဖော်ဝါရီ ၊၁၄ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ယင်းမာပင်ခရိုင်နဲ့ ကောလင်းခရိုင်တွေမှာ ဒီကနေ့ မနက်ပိုင်းက နစကတပ် နယ်မြေရှင်းလင်းရေး ထိုးစစ်အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေလည်း များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ မုံရွာမြို့ခံတယောက်က ” ဒီမနက် အစောပိုင်းက မုံရွာမြို့ရဲ့ အရှေ့ဘက်ခြမ်း မုံရွာနဲ့ ဗောဓိတထောင်ကြား သက္ကယ်ကျင်း ၊ လယ်ဇင်ရွာတွေဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ငါးယောက်သေတယ် ၊ သေတဲ့ လူတွေက အရပ်ဖက်အဖွဲ့က နယ်ခံ လူတွေမဟုတ်ဘူး ၊ အဲ့ဒါကြောင့် နာမည်တို့ အသက်တို့ မသိရသေးဘူး ” လို့ပြောပါတယ်။

အဲ့ဒီ အပြင် ဘုတလင်မြို့ခံတယောက်ကလည်း ” ဒီမနက်မှာ မုံရွာနဲ့ ဘုတလင် အကြား ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာနား မန္တလေး မုံရွာ ဘုတလင် ကားလမ်းမှာ ထိတွေ့မှုဖြစ်တယ် ၊ အဲ့ဒီနေရာမှာ လူငယ်လေးယောက် ပစ်သတ်ခံရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ လုပ်သားကျေးရွာခံတယောက်က
” ဒီရက်ပိုင်း ပုလဲမြို့နယ် အနောက်ပိုင်း ဂန့်ဂေါ ပုလဲကားလမ်း ကန့်ဒေါင့်ရွာဘက်မှာလည်း ထိတွေ့မှုတွေဖြစ်တယ် ၊ ထိခိုက်သေဆုံးသူ လေးယောက်ရှိပြီး အဖမ်းခံရတဲ့သူ ငါးယောက်အထက်ရှိတယ် ၊ ဒီကနေ့ မနက်ပိုင်းက လုပ်သားရွာနားမှာ တိုက်ပွဲဆက်ဖြစ်တယ် ၊ လူ ခုနှစ်ယောက်ထိခိုက်သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” နယ်မြေရှင်းလင်းရေးတွေ ဒီမနက်ပိုင်းမှာ လုပ်တယ် ၊ မုံရွာနယ်မှာ ငါးလောင်း ၊ သေနတ် ခုနှစ်လက်ရတယ် ၊ နောက်ပြီး ဘုတလင်မြို့နယ်မှာ လေးလောင်း နဲ့ သေနတ် နှစ်လက်ရတယ် ၊ ပုလဲမြို့နယ်မှာ ခုနှစ်လောင်းနဲ့ လက်နက် (စီစစ်ဆဲ) သိမ်းဆည်းရမိတယ် ၊ နောက်ပြီး မင်းကင်းမြို့နယ်မှာတော့ ထိတွေ့မှုတွေ ဆက်ဖြစ်နေဆဲဖြစ်တယ် ၊ သိမ်းဆည်းရမိတဲ့ အလောင်းနဲ့ လက်နက် အရေအတွက် စာရင်း မသိရသေးဘူး ၊ အဲ့ဒီ အပြင် တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းမှာလည်း နယ်မြေရှင်းလင်းနေတယ် အခုထိတော့ ရှင်းလင်းနေဆဲဖြစ်တယ် ၊ နောက်ပြီး ကောလင်းမြို့ပေါ်က လူနေရပ်ကွက် ၈ ခုကို စစ်ကြောင်းအဖွဲ့က ထိန်းချုပ်ထားပြီး မြို့နဲ့ ၅ မိုင်ပတ်လည်ရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို ရှင်းလင်းနေတယ် ၊ အဲ့ဒီ ရှင်းလင်းရေးမှာ ရုပ်အလောင်း ၂၀ ကျော်နဲ့ လက်နက်တွေသိမ်းဆည်းရထားတယ် ၊ အရှင် ဖမ်းဆီးစစ်ဆေးခံရသူ ၅၀ ကျော်လောက်ရှိမယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ဒီကနေ့ တမနက်တည်းမှာ သေဆုံးသူ ၄၀ ဝန်းကျင်ရှိပြီး ၊ ဖမ်းဆီးစစ်ဆေးခံနေရသူ ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကန့်ဘလူမြို့နယ် ၊ ကာဘိုးပြည်သူ့စစ် စခန်းနဲ့ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW