မတ် ၂ – ၂၀၂၄
SN (VOM)
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) တပ်နယ်အားလုံး နစကလက်အောက်မှ ခွဲထွက်ကာ ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
နစက က ပေးတဲ့ လစာနဲ့ အထောက်အပံ့ကို မယူတော့ဘဲ KNA တပ်ဖွဲ့အဖြစ် သီးသန့် ရပ်တည်သွားမယ့်ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က BGF တပ်နယ် လေးခုမှ တပ်နယ်မှူးတွေအားလုံး တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ သဘောတူညီခဲ့ပြီး အတူတကွ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက “ဘက်တံဆိပ်ပြောင်းဖို့ ကျွန်တော်တို့ တပ်နယ် လေးခုလုံးက သဘောတူညီပါတယ်။ ကျွန်တော်တို့ တပ်နယ်အားလုံးက မဲရင်အကုန်အမဲအတိုင်းသွား၊ ဖြူရင်လည်း အကုန်အဖြူသွားမယ်၊ အတူတူ ဆုံးဖြတ်တာဖြစ်တယ်။ နစကနဲ့ ပြန်ပေါင်းမယ်လို့ သတင်းထွက်သလို မဟုတ်ပါဘူး။ အစည်းအဝေးမှာ အကုန်သဘောတူပါတယ်။ အခုတချို့က BGF တံဆိပ်ပဲ ဆက်တပ်သေးတယ်။ တချို့က စခန်းမှာနေတာ ယူနီဖောင်းပဲဝတ်တော့တယ်။ ဘက်တံဆိပ်က ဖြုတ်ထားလိုက်ပြီ” လို့ ဒေသတွင်း သတင်းမီဒီယာတခုရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားထားပါတယ်။
လက်ရှိမှာ တပ်ဖွဲ့ဝင်အားလုံး KNA ဘက်တံဆိပ် ပြောင်းလဲခြင်း မရှိသေးပေမယ့်လည်း နစကအနေနဲ့ အတိုင်းအတာတခုအထိ သိရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
BGF တပ်ဖွဲ့ဝင်တွေအားလုံး နစကလက်အောက်က ခွဲထွက်မယ့်ကိစ္စကို လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့်လည်း သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတချို့မှာတော့ KNA မှာ တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်တဲ့ ပိုစတာဆိုင်းဘုတ်တွေ စိုက်ထူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ BGF တပ်ဖွဲ့ဝင် တချို့ဟာ ဖားအံအပါအဝင် နေရာတချို့မှာ နစကတပ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေသေးပေမယ့်လည်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စခန်းတော်တော်များများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
နစကတပ် လက်အောက်ရှိ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ဟာ တပ်နယ် လေးနယ်၊ တပ်ရင်း ၁၃ ရင်းနဲ့ ဖွဲ့စည်းထားပြီး လေ့လာသူတွေရဲ့ ခန့်မှန်းပြောဆိုချက်အရ တပ်ဖွဲ့ဝင်အင်အား ခုနစ်ထောင်ကျော်ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
အခြေချ လှုပ်ရှားလျက်ရှိတဲ့ မြို့နယ်တွေနဲ့ တပ်ရင်းတွေကတော့ လှိုင်းဘွဲ့မြို့နယ်မှာ အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်း၊ ဖာပွန်မြို့နယ်မှာ အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်မှာ အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂ တပ်ရင်းတွေနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
Photo Crd: Original Uploader