ပြည်တွင်းရွှေဈေး ကျပ် သိန်း ၄၀ ကျော်ထိ စံချိန်တင် မြင့်တက်လာ

မတ် ၆ – ၂၀၂၄
SN (VOM)

ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ဒီကနေ့ မတ် ၆ ရက်၊ နေ့လယ်ပိုင်းကစပြီး ကျပ် သိန်း ၄၀ ကျော်ထိ စံချိန်တင် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် (တနင်္လာနေ့) ဈေးကွက်ဖွင့်ချိန်က တကျပ်သား သုံးဆယ့်ကိုးသိန်း ငါးသောင်းဝန်းကျင် ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နောက်တနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေပိုင်းမှာ တကျပ်သား သုံးဆယ့်ရှစ်သိန်း ရှစ်သောင်းအထိ ပြန်လည် ကျဆင်းခဲ့ပေမယ့် အဲ့ဒီ့နောက်ပိုင်း ကျပ် ၃၉ သိန်းကျော်နဲ့ တောက်လျှောက် မြင့်တက်လာခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ကျပ် သိန်း လေးဆယ်ငါးထောင် ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

“ရွှေဈေးက အပြင်ဈေးကွက်မှာတော့ တက်နေတယ်။ လက်ရှိက ဒေါ်လာဈေးရော၊ ကမ္ဘာ့ဈေးရော တက်နေတာကြောင့်ပါ။ ဒီ့ထက် ဆက်တက်နိုင်လား ဆိုတာကတော့ မှန်းရခက်တဲ့အနေအထားပါ။ ဒေါ်လာဈေးတွေ၊ ကမ္ဘာ့ရွှေဈေးတွေ ပြန်ကျမယ်ဆိုရင်တော့ ကျသွားနိုင်ပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ဒေါ်လာ ၂၁၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကနေ့ မတ်လ ၆ ရက်နေ့မှာတော့ တအောင်စ ဒေါ်လာ ၂၁၂၇ ဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ကာ တဒေါ်လာ ၃၆၀၀ ဝန်းကျင်ကို ရောက်ရှိလာပြီးနောက် တောက်လျှောက် မြင့်တက်လာခဲ့တာမှာ ဒီကနေ့မှာတော့ တဒေါ်လာ ၃၆၂၀ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

လက်ရှိမှာ ရွှေဈေးတွေ မြင့်တက်နေတဲ့အတွက် အဖမ်းအစီးတွေလည်း ရှိနေပြီး အရောင်းအဝယ်တွေလည်း နည်းပါးနေတယ်လို့ သိရပါတယ်။

“ထုံးစံအတိုင်းပေါ့။ ရွှေဈေးတက်တော့ အဖမ်းအဆီးတွေနဲ့ဘာနဲ့ဆိုတော့ အားလုံးကတော့ ခိုးကြောင်ခိုးဝှက် ကြောက်လန့်တကြား ဖြစ်နေကြတာပေါ့။ အခြေအနေကတော့ မကောင်းပါဘူး” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိမှာ ရွှေဈေးနှုန်း မြင့်တက်နေတာနဲ့ ပတ်သက်လို့ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရသူတွေ ရှိနေပြီး ရန်ကုန်မြို့မှာ ၁၅ ယောက်ဝန်းကျင်၊ မန္တလေးမြို့မှာ ၁၅ ယောက်ဝန်းကျင်နဲ့ စုစုပေါင်း အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

“ခေါ်ယူစစ်ဆေးတယ်လို့တော့ ပြောတာပေါ့နော်။ ထောင်ချလိုက်တာတော့ မဟုတ်ဘူး။ စစ်ဆေးနေတယ်ဆိုတော့ ဘာမှန်းမသိသေးတဲ့ အနေအထားပေါ့။ အိမ်ကို ခဏတဖြုတ်တော့ ပေးပြန်တယ်။ မနက်ဆို ပေးပြန်တယ်၊ ညဆိုရင်တော့ ပြန်လာရတယ်၊ အဲ့ဒီ့ပုံစံမျိုးပေါ့။ အရင်တုန်းကလည်း အဲ့လိုပဲ လုပ်တာပဲ။ အခု မန္တလေးကလူတွေကတော့ ပြန်လွှတ်လိုက်ပြီလို့ ကြားတယ်။ ရန်ကုန်ကတော့ သွားလိုက်၊ ပြန်လိုက် လုပ်နေရတုန်း” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းကလည်း ရွှေစျေးတွေ တကျပ်သား ကျပ် သိန်း ၃၀ ကျော်လာခဲ့တဲ့အတွက် ရွှေလုပ်ငန်းရှင်တချို့ကို နစက က မကြာခဏဆိုသလို ခေါ်ယူစစ်‌ဆေး မေးမြန်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

နစကလက်ထက်မှာ ရွှေစျေးနဲ့ ဒေါ်လာစျေးတွေကို ကိန်းဂဏန်းတခု တရားဝင် သတ်မှတ်ထားပေမယ့် ပြင်ပစျေးကွက်ထဲမှာတော့ နစက က သတ်မှတ်တဲ့ စျေးနဲ့ အရောင်းအဝယ် ပြုလုပ်လို့မရတာကြောင့် သတ်မှတ်စျေးထက် ပိုပေးရတဲ့ ပြင်ပ ပေါက်စျေးတွေနဲ့ပဲ အရောင်းအဝယ် ပြုလုပ်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW