လိုင်ဇာအနီး တိုက်ပွဲ ပြင်းထန်လာတာကြောင့် တရုတ်ဘက်ခြမ်း နယ်စပ်နေသူတွေကို တရုတ်အစိုးရက ရွှေ့ပြောင်းခိုင်း

 

မတ် ၉၊ ၂၀၂၄

Shy V (VOM)

ကချင်ပြည်နယ်၊ လိုင်ဇာ အနီးဝန်းကျင် မတ်လ ၇ ရက်နေ့ကစပြီး နစက စစ်တပ်နဲ့ KIA ပူးပေါင်း အဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် တရုတ်ဘက်ခြမ်းက နယ်စပ်ပြည်သူတွေအားလုံးကို တရုတ်အစိုးရက ဘေးလွတ်ရာဘက် ရွှေ့ပြောင်းခိုင်းလိုက်ပြီလို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။

“အရပ်သားပြည်သူတွေကိုတော့ ရင်ကျန်း အနီးဝန်းကျင်ဘက် အသိဆွေမျိုးတွေဆီ ခိုလှုံလို့ ရတဲ့ နေရာတွေဘက် ပြောင်းရွှေ့ခိုင်းတာက ဟိုအရင်နေ့ ကတည်းကတောင် ပြောင်းရွှေ့ခိုင်းနေပြီ။ အဲဒီ နားဘန်းဘက်ခြမ်းက ရဲတွေတောင် ဒီမနက် သူတို့ကားနဲ့ ထွက်လာပြီး ရာဘာခြံဘက် ခဏ သွားရှောင်နေကြတယ်။” လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

စစ်သားနဲ့ ရဲ ဝန်ထမ်းတွေကတော့ လိုင်ဇာဘက် လေယာဉ်တွေ တက်လာရင် ဘေးလွတ်ရာ ရာဘာခြံတွေဘက် ရုတ်ရုတ်သဲသဲ ခဏတဖြုတ် ရှောင်တိမ်းနေတာ တွေ့ရတယ်လို့ လိုင်ဇာ ‌ဒေသခံ တယောက်က ပြောပါတယ်။

လိုင်ဇာဘက်က ဒေသခံ ပြည်သူတွေလည်း အလားတူ အများစုက စစ်ဘေးလွတ်ရာ စစ်ရှောင်စခန်း၊ မြို့၊ ရွာဘက် ရှောင်တိမ်း ကုန်ကြပြီလို့ သူက ပြောပါတယ်။

“မနေ့က မနက် တရုတ်ဘက်ထဲ လက်နက်ကြီးကျလို့လေ တရုတ်ဘက်က ရှောင်ခိုင်းတာ။ လူထိတာတော့ မကြားဘူး။ အဆောက်အဦးတွေတော့ ထိသွားတယ်။ ဒီ နှစ်နိုင်ငံနယ်စပ် ဂိတ်မှာလည်း လေယာဉ်ဗုံး အရှိန်ကြောင့် မျက်နှာကျက်တွေ ကွာကျကုန်တယ်။ တရုတ်ဘက်ကလည်း လေယာဉ် တွေရော၊ ဒရုန်းတွေရော ကင်းလှည့်တယ်။ မြန်မာဘက်ခြမ်းလည်း လက်နက်ကြီး ပစ်သံရော လေယာဉ် ‌ဗုံးကြဲသံရော။ အသံတွေ အရမ်း ကျယ်လို့ နေရတာ စိတ်တောင် မငြိမ်ဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လေယာဉ် ဗုံးလာကြဲလို့ ဘေးလွတ်ရာ ရှောင်ကြရင်း အကြောက်လွန်ပြီး စစ်ရှောင် အမျိုးသမီး တယောက် စိတ်ကျန်းမာရေး ထိခိုက်သွားကာ နေအိမ် မပြန်ရဲတော့ဘူးလို့ သူက ပြောပါတယ်။

ယမန်နေ့ မနက်မှာဝောာ့ လိုင်ဇာနဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်းက ရွာဘက်ထဲ လက်နက်ကြီး တလုံး‌ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ကာ အဲဒီရွာ အပေါ်နားမှာလည်း လက်နက်ကြီး တလုံး ကျရောက်‌ခဲ့တယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ် ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလမှာလည်း တရုတ်ဘက်ထဲ လက်နက်ကြီးကျလာလို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားတဲ့ မြန်မာဘက်ခြမ်း ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး နဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်းက နယ်စပ်ပြည်သူတွေကို တရုတ်အစိုးရက တစ်ယောက်မကျန် ဘေးလွတ်ရာ ရှောင်တိမ်း စေခဲ့ပါတယ်။

Photo Crd# ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW