ပြည်ကြီးမွန်ဖောင်တော်

 

 

 

ဆူးငှက်

 

မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင် ကတည်းက မြို့တည်နန်းတည် ခုနစ်ဌာန နှင့်အတူ နိုင်ငံနှင့်အဝှန်းအာဏာ၃ရပ် တည်ရှိရာ အဓိက အမြင့်မားဆုံး နေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့် အတူ အာဏာ၃ရပ်ကို ကိုင်စွဲထားသော မူးကြီး မတ်ရာ၊ စစ်သူကြီး သေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာ ဖြစ်သည်။ အာဏာ၏ အထွတ်အထိပ် ဖြစ်သောရာဇပလ္လင် ၉ရပ် ရှိသည့် နန်းတော်ကြီးနှင့်အတူ လွှတ်တော် ရုံးတော်လည်း ရှိသည်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေးနန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ် နေရာဖြစ်ပါ၏။

 

 

ဤကဲ့သို့ အရေးပါလှသော နေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄၊ ပြငယ် ၃၂ အပါအဝင် ၄၈ရပ်ပြာသာဒ်များနှင့် အုတ်မြစ် သံတောင် ၁တောင်၊ အုတ်ရိုးထု ၁တာ(၁၀ပေ)၊ အရပ် သူရဲခိုအထိ သံတောင် ၁၈တောင် (၂၇ပေ)အမြင့်ရှိ အုတ်မြို့ရိုး ပတ်လည်တစ်လျှောက်တွင် မြို့ဥပစာ တာ၂၀ခန့် (၁၃၅ပေခန့်) မြေလွတ်ထားပြီး တာ၂၀ကျယ်သော ရေကျုံးတော်ကြီးက လေးဘက်လေးတန် ပတ်ရံထားသည်။ စတင် တူးဖော်စဉ်ကပင် အနက်မှာလည်း တာနှစ်ဆယ်ရှိသည်ဟု ရတနာနဒီမော်ကွန်း၌ စပ်ဆိုခဲ့၏။ “ ပတ်လျှောက် ရစ်ခြုံ၊ခက်ဆစ်ကြုံလည်း၊ မြစ်တုံဇလုတ်၊ ရေတိဝုတ်လျက်၊ ဥဿဘတစ်တွန်၊ နက်ကျယ်ဝှန်သည်၊ ရေပြွန်လွှတ်စွန့်၊ မြရည်သန်နှင့်…” ဟူလို..။ ဥဿဘ တစ်တွန်ကို တာနှစ်ဆယ်ဟု ကောက်ယူခဲ့ကြသည်။

 

 

 

ရှေးက ကျုံးတော်ကြီး အတွင်းသို့ ရတနာနဒီမှရေသွင်းယူခဲ့သည်။ “ ရတနာနဒီ ” ကို သက္ကရာဇ်၁၂၂၄ခုနှစ်တွင် မတ္တရာမြစ်မှ ဖောက်လုပ် သွယ်ယူခဲ့သည်။ ရှေ့ဝင်မှုး သူရဲဝန်ကြီး သမိန်ဘေပြစ်ဇကို အကြီးအမှုးခန့်၍ ငစဉ့်ကူးမြို့နယ် မတ္တရာမြစ်အထက် ၁၂မိုင်ကွာ နာဂရာဇ်မြစ်မှ ရွှေမြို့တော်အရောက် တူးဖောက် စေခဲ့ခြင်းဖြစ်သည်။ “ ရတနာနဒီ ” သည် ရှေးက ရေကောင်းရေရှင်များဖြင့် သာယာ၏။ ကရဝိက်ဖောင်၊ သဗ္ဗာန်တော်၊ လှေတော်များဖြင့် တင့်တယ်သည့် လှေပွဲသဘင်များပင် ဆင်ယင်၏။ကျုံးသို့လည်း ရေပေးသွင်းသည်။ မြို့တွင်း မြို့ပြင်များသို့လည်း ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သည်။

 

 

 

ရှေးကတော့ သည်ကျုံးတော်ကြီးအတွင်းမှာ ဘဝရှင် မင်းတရားကြီးသည် အရှင်နန်းမတော် မိဖုရားခေါင်ကြီးနှင့် တကွမင်းမိဖုရား၊ မင်းညီမင်းသား၊ မောင်းမ မိဿံအပေါင်း ခြံရံ၍ ရွှေနန်းတော်၊ မြေနန်းပြာသာဒ် မုခ်ဦးမှ ထွက်ခွာကာ အရှေ့မျက်နှာဦးထိပ်တံခါးပြင် စံနန်းတော်ရောက်၊ ထိုမှ ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ် ခင်းကျင်း၍ ဆင်တော်ပေါ် ခြေဖဝါးတော်တင်၊မိဖုရားခေါင်ကြီးဖုရားက ရထားတော်နှင့် ထွက်တော်မူပြီး ပွဲသဘင်တို့ ခမ်းနားစွာ ဆင်ယင်သည်ကို ရှုစားတော်မူပြီး ကျုံးတော်တွင်း၌ ရေခင်းသဘင် ဆင်ယင်တော်မူသည်ဟု ဆို၏။

 

 

ထိုကျုံးတော်ကြီးအတွင်း အရှေ့ကျုံးထောင့် ကျုံးရေပြင်မှာ ၁၉၉၀ခုနှစ်က ပြည်ကြီးမွန် ဖောင်တော် အဆောက်အအုံကြီးရွှေရောင်တဝင်းဝင်း ပေါ်ထွန်းလာခဲ့တာ မှတ်မိကြပါရဲ့လား။

 

 

တကယ်တော့ ပြည်ကြီးမွန် ဖောင်တော်သည် အမရပူရရွှေမြို့တော် မြို့တည်နန်းတည် မင်းတရားကြီး လက်ထက်(၁၁၅၁) ခုနှစ်တွင် တောင်သမန်အင်းထဲ၌ တည်ဆောက်ခဲ့သည်ဟု ဆို၏။ ဖောင်တော်ဦး၌ နဂါးကိုဂဠုန် သုတ်ဟန်၊ ဝဲယာတွင်သိကြားမင်း ခရုသင်းကိုင်လျက် စွယ်ရန်းပေါ်တွင် ရပ်ဟန် ထုလုပ်ထားပြီး ပဲ့ကို လှော်ကားပဲ့ လုပ်ဆောင်ထား၏။ အဆောင်ပြာသာဒ် ဘုံခုနစ်ဆင့်တွင် ဇေတဝန်ဆောင် တည်ထားပြီး ပြာသာဒ်ဆောင်ရှေ့၌ အဆောင် မပါရှိပါ။ စမုခ်ဆောင်သာ ထည့်၍တည်ဆောက်ထားသည်။ မင်းတုန်းမင်းလက်ထက်တွင် အရှေ့ ဇေတဝန် ဆောင်၊ အရှေ့စမုခ် ဆောင်၊ အနောက် စမုခ်ဆောင်များကို တိုးချဲ့ခဲ့သည်။ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပန်းတောင်းမှ အမရပူရသို့ သယ်ဆောင်သောအခါ ဤသို့သော ပြည်ကြီးမွန်ဖောင်တော်ဖြင့် သယ်ဆောင်ခဲ့လေသည်။

 

 

သီပေါဘုရင် နန်းတက်ပြီး ”လေးနှစ်မြောက်သောအခါက ရာဇဘိသေက၊ မုဒ္ဓါဘိသိက်ကို သွန်းခံတော်မူမြဲ ကျမ်းဂန်ထုံးစံနှင့်အညီ ရွှေနန်းတော်ဦး မြေနန်းတော်ရှေ့တွင် အခမ်းအနား ကြီးကျယ်စွာ စီရင် ဆောက်လုပ်တော်မူ၍ ရတနာမျိုး အပေါင်းတို့ဖြင့် ခြယ်လှယ် အပ်သော အဘိသေကနန်း ရေသဖန်း ပြာသာဒ်တော် အလယ်တွင် ပွင့်ချပ်တစ်ရာ အရေးရှိသော ဘဒ္ဒပိဋ္ဌအင်းပျဉ် ပလ္လင်တော်ထက် မင်းသာမန်တို့ ခံဝန့်ခဲ့သော ရာဇဘိသေက မုဒ္ဓါဘိသိက်ကို အရှင် မိဖုရားခေါင်ကြီးနှင့်တကွ ဦးထိပ်၌စိုက်၍သွန်းအပ်သောခရုသင်းလုံးရေတို့ဖြင့် သွန်းခံတော်မူ၍ ကျုံးတော်အတွင်း ရတနာရွှေဖောင်ဝယ် အရှင်မိဖုရားခေါင်ကြီးနှင့်တကွ စံပယ်တော်မူလျက် ကြည်းဖက် ရေဖက် တပ်ဝင်း အခမ်းအနား ကြီးကျယ်စွာဖြင့် ရွှေမြို့တော်ကို လက်ယာရစ် လှည့်လည်ထွက်တော်မူ၍ သိမ်းတော်မူသည်” ဟု မန္တလေးရတနာပုံ မဟာရာဇဝင်တော်၌ ပါရှိရာ ကျုံးအတွင်း ရတနာဖောင်တော်နှင့်အတူပြည်ကြီးမွန်ဖောင်တော်လည်း ပါဝင်ခဲ့သည်။

 

 

ထိုစဉ်က ကျုံး၏ အရှေ့တောင် (အင်္ဂါထောင့်)တွင် တည်ဆောက်ထားသော ပြည်ကြီးမွန် ဖောင်တော်မှာ ပုံစံတူကွန်ကရစ် အဆောက်အအုံဖြစ်ပြီး အလျား ၁၂၂ ပေ၊ အနံ ၄၉ ပေ၊ ပိုင်တိုင်ပေါင်း ၂၁၅ တိုင်၊ ကုန်းပတ်အမြင့် ရေပြင်ထက် သုံးပေ၊ ပြာသာဒ်စိန်ဖူးထိပ်ထိ အမြင့်ပေ ၆ဝ၊ နဂါးဦးခေါင်းထိပ်ထိ အမြင့် ၁၂ ပေ၊ လှေမြီးအမြင့် ၂၉ ပေရှိသည်။(၁၈-၉-၉ဝ) နေ့ကဖွင့်လှစ်ခဲ့ ပြီး ၇၃၉ သိန်း ကုန်သည် ဆို၏။

 

 

၁၉၉၅ခုနှစ်မှာတော့ ပြည်ကြီးမွန် ဖောင်တော်ကို မန္တလေးအနောက်ခြမ်းကန်တော်ကြီးဆီ ပြောင်းရွှေ့ခဲ့သည်။

 

ဆူးငှက်

 

 

#voiceofmyanmar #VOM #ပြည်ကြီးမွန်ဖေါင်တော် #ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW