ဘုရားသုံးဆူက နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်နေအိမ် တိုက်ခိုက်ခံရပြီး လူ ငါးယောက်သေဆုံးပြီးနောက် နယ်စပ် ဂိတ်ကို ထိုင်းကပိတ်

မေ ၊၁၁ ၊ ၂၀၂၄
TT (VOM)
ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးခရိုင် ၊ ဘုရားသုံးဆူမြို့ ၊ ဥဒေါင်းကန်နားမှာရှိတဲ့ နယ်ခြားစောင့် (BGF) တပ်ဖွဲ့နေအိမ်တလုံးကို မနေ့ မေ ၁၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဒရုန်းဗုံးချတိုက်ခိုက်ခံရလို့ လူ ငါးယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘုရားသုံးဆူ ဒေသခံတယောက်က
” ဒရုန်းဗုံး လေးလုံးချပြီး တိုက်ခိုက်ခံရတဲ့ နေအိမ်က BGF 2023 တပ်ရင်းက ဗိုလ်မှူး ဝင်းလေးရဲ့ တပည့်ဖြစ်သူ အောင်ခိုင်ဦး (ခေါ်) ဂတုံးရဲ့ အိမ်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ခိုက်ခံရမှုမှာ လူ ငါးယောက်သေဆုံးတယ်လို့ ကနဦးသိရတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး ၊ နောက်ဆက်တွဲသတင်းကြားရတာကအောင်ခိုင်ဦး(ခေါ်) ဂတုံးက ဘုရားသုံးဆူဒေသမှာ နယ်ခြားစောင့် (BGF) တပ်ရင်းအသစ် ထပ်မံဖွင့်လှစ်မှာကို KNU အဖွဲ့က တားမြစ်တယ် ၊ အဲ့ဒီ တားမြစ်ချက်ကို မလိုက်နာတာကြောင့် အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတယ်လို့ သိရတယ် ၊ အဲ့ဒီ ဒရုန်းဗုံးတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ကုန်းကနေ KNU အဖွဲ့ရှိရာ မဲ့ကသာဘက်ကို လက်နက်ကြီးတွေနဲ့ တနာရီနီးပါး ပစ်ခတ်တယ် ” လို့ ပြောတယ်။
ဘုရားသုံးဆူမြို့ပေါ်မှာ မနေ့က အဲ့ဒီတိုက်ခိုက်မှုတွေအပြီး မြို့ခံတွေက နယ်စပ်လမ်းကနေ ထိုင်းနိုင်ငံဘက် ပြေးဝင်ခိုလှုံကြပါတယ်၊ အဲ့ဒါကြောင့် ထိုင်းနယ်စပ် ဂိတ်တွေကို ထိုင်းအာဏာပိုင်တွေက ပိတ်ထားလိုက်တယ်လို့လည်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW