မြန်မာပြည် အလယ်ပိုင်းမှာ ၃ ရက်အတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေ အဖြစ်များလာ

မေ ၁၂ ၊ ၂၀၂၄
SP (VOM)
၂၀၂၄ မေ ၉ ရက်ကနေ မေ ၁၁ ရက်အထိ သုံးရက်တာ ကာလအတွင်း မြန်မာပြည် အလယ်ပိုင်းက မြို့ရွာတချို့မှာ ဒါဇင်နဲ့မက လူသေဆုံးရမှုတွေဖြစ်ပွားတာကြောင့် ပြီးခဲ့တဲ့ သုံးရက်အတွင်း လူတရာကျော် သေဆုံးတယ်လို့ ဖြစ်စဥ်ဖြစ်ပွားရာအရပ်က ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
နယ်ခံတွေဖြစ်တဲ့ လူမှုကူညီရေး ပရဟိတ သမားတွေက
” ဒီရက်ပိုင်းမှာ နာရေးကူညီမှု လုပ်စဥ်တွေများလာတယ် ၊ မြင်းခြံနယ်မှာ လူ ၃၀ ကျော် ၊ ကျောက်ထုနယ်မှာ လူ ၃၀ ကျော် ကန့်ဘလူနယ်မှာ ၃၀ ကျော် ၊ မြင်းမူနယ်မှာ ၃၀ ကျော် သေဆုံးတာတွေရှိတယ် ၊ နောက်ပြီး မတ္တရာမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ငါးယောက်ထက်မနည်း သေဆုံးမှုတွေ ရှိသေးတယ်၊ အဲ့ဒီ သေဆုံးရသူတွေဟာ နစကတပ်ဖွဲ့နဲ့ ဒေသခံ လက်နက်ကိုင် PDF တွေကြားမှာ ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးရတာတွေဖြစ်တယ်၊ အဲ့ဒါကြောင့် မြန်မာပြည် အလယ်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း သေဆုံးရသူ တရာကျော်ရှိလာတယ်” လို့ ပြောပါတယ်။
မနေ့ မေ ၁၁ ရက် မနက်ပိုင်းက ၊ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်၊ တလုတ္ထောကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘုန်းကြီးနှစ်ပါး ၊ လူပုဂ္ဂိုလ် အမျိုးသမီး သုံးယောက် အပါအဝင် အမျိုးသား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၉ ရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ ဆုံကျေးရွာမှာ ကလေး / လူကြီး အပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ အလားတူ မကွေးတိုင်း ၊ ကျောက်ထုမြို့နယ်ခွဲ ၊ အကြည်ပန်း ပလွန်ရွာမှာလည်း လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်၊ ပြီးခဲ့တဲ့ မေ ၁၀ ရက်မနက်ပိုင်းက မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ တံငါတောင်ကျေးရွာအနီး ၊ မန္တလေး – မိုးကုတ်ကားလမ်းမှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးသူ ၁၀ဂဏန်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီအပြင် စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့နယ်နဲ့ ကချင်ပြည်နယ် ၊ မြစ်ကြီးနား ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတား ဖြစ်စဥ်တွေမှာ လူသေဆုံးမှုတွေ ရှိပါသေးတယ် ။
နေပြည်တော် နစက အဖွဲ့နဲ့ နီးစပ်သူတယောက်က
” မြန်မာပြည်အလယ်ပိုင်း ဒေသတွေမှာ ဒီရက်ပိုင်းအတွင်း ထိတွေ့ဖြစ်စဥ်တွေ အခါတိုင်းထက်ပိုများလာတယ် ၊ မြင်းခြံနယ် ဆုံကျေးရွာမှာ ဖြစ်စဥ်မှာ ကလေး / လူကြီး အယောက် ၃၀ ကျော် အသတ်ခံရတယ် ၊ ဆုံကျေးရွာကို ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်သွားတဲ့အဖွဲ့တွေက မြင်းခြံနယ် ဒေသတွင်း လက်နက်ကိုင်း အဖွဲ့ ၁၄ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ လူမှုကွန်ရက်ပေါ်မှာ သူတို့ကိုယ်တိုင် အောင်ပွဲခံ ထုတ်ပြန်လာတယ် ၊ နောက်ပြီး မကွေးတိုင်း ၊ ကျောက်ထုမြို့နယ်ခွဲ အကြည်ပန်းပလွန် လေကြောင်းတိုက်ခိုက်မှုမှာ ယောဒေသ လက်နက်ကိုင် PDF အဖွဲ့ အပါအဝင် ထောက်ပို့ ကားသမားတွေလည်း သေဆုံးတယ် ၊ သေဆုံးသူ ၃၀ ကျော်ရှိတယ်လို့ ပြန်ကြားရတယ် ၊ မနေ့ မေ ၁၁ ရက်က ဖြစ်စဥ်နှစ်ခုရှိတယ် ၊ ပထမ ဖြစ်စဥ်က မြင်းမူမြို့နယ် ၊တလုတ္ထောဖြစ်စဥ် ဖြစ်တယ် ၊ အဲ့ဒီမှာက အခင်းမဖြစ်မီ သုံးလေးရက်အလိုက မြင်းခြံနယ် ဆုံရွာကိစ္စမှာ ပါဝင်သူတွေ ရောက်နေတယ် ၊ နောက်ပြီး မုံရွာ – မန္တလေး ကားလမ်းမှာ ယာဥ်တန်းတွေ မိုင်းခွဲတိုက်ခိုက်တယ် ၊နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် (KIA) အဖွဲ့ဆီ သွားရောက်မယ့်သူတွေ စုဝေးနေထိုင်ကြတယ် ၊ အဲ့ဒါကြောင့် နစက အဖွဲ့က နယ်မြေရှင်းလင်းတဲ့အခါ နှစ်ဘက် ပစ်ခတ်မှုတွေကြားမှာ လူ ၃၀ ကျော်သေတယ်လို့ ပြန်ကြားရတယ် ၊ နောက်ပြီး နိုင်ငံကျော် ဗောဓိမြိုင် ဆရာတော်ကြီးရဲ့ စျာပနအခမ်းအနားအတွင်း ကန့်ဘလူနယ် ၊မလယ်နယ်မြေရဲစခန်းကို တိုက်ပွဲဖော်တယ် ၊ အဲ့ဒီမှာလည်း လူ ၃ဝ ကျော် သေဆုံးတယ် ၊ အဲ့ဒီမှာ တိုက်ပွဲတွေ ဖြစ်မယ်လို့ စပြီးကြားရ ကတည်းက ဒေသခံတွေ ထွက်ပြေးကုန်တယ် ၊ စစ်ကြောင်းလာတယ်ဆိုရင် ၊ အထုပ်ပိုက်ပြီး ထွက်ပြေးလာကြတဲ့ ဒေသခံတွေဟာ တိုက်ပွဲဖြစ်ချိန်မှာရွာမှာ တယောက်မှ မရှိတော့ဘူးအခု သေဆုံးသူတွေဟာ နှစ်ဘက် တိုက်ခိုက်ရေးသမားတွေ ဖြစ်တယ် ” လို့ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ အခြေပြုတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက
” မနေ့က ဒီပဲယင်းနယ် လေကြောင်းတိုက်ခိုက်ခံရတယ်လို့ သိရတယ် ၊ အဲ့ဒီ တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ PDF အားအလွန်ကောင်းတဲ့ မကျည်းအုပ်ကျေးရွာနဲ့ ကိုင်းကန်ကျေးရွာတွေဖြစ်တယ် ၊ NLD ပါတီ ဗဟို ကော်မတီ အဖွဲ့ဝင် ဒီပဲယင်း နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင် ဆိုသူ ၁၁ လကြာနီးပါး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နေရာလည်းဖြစ်နိုင်တယ် ၊ အဲ့ဒါကြောင့် နယ်မြေရှင်းလင်းခံရတာ ဖြစ်နိုင်တယ် ” လို့ပြောပါတယ်။
အဲ့ဒီ အပြင် ဒီရက်ပိုင်းမှာ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ တံငါတောင်ကျေးရွာ တိုက်ပွဲဖြစ်စဥ်နဲ့ ကချင်ပြည်နယ် ဗလမင်းထင် ဧရာဝတီ မြစ်ကူးတံတား ဖြစ်စဥ်တွေမှာ နစက တပ်ဖွဲ့ဝင်တချို့ ထိခိုက် သေဆုံးပါသေးတယ်။
အဲ့ဒါကြောင့် အခုရက်ပိုင်းအတွင်း နစက နဲ့ PDF အကြား ထိတွေ့တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူတရာကျော် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်နဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW