အိုးမကွာ…၊ အိမ်မကွာ

 

 

ဆူးငှက်

 

 

 

‘အိုးကမပူ၊ စလောင်းကပူ’

‘အိုးချင်းထား၊ အိုးချင်းထိ’

‘အိုးတော်လုပ်၊ ဖုတ်ရင်းကမကျက်’

‘အိုးနှင့်ဆန်တန်ရုံ’

‘အိုးမလုံ၊ အုံပွင်’

‘အိုးရွဲ့ကို စလောင်းရွဲ့နှင့်ဖုံး’

‘အိုးသည် အိုးကောင်းမသုံးရ’ တဲ့ …။

 

 

အိုးနှင့်ပတ်သက်ပြီးတွေ့ရတဲ့ မြန်မာစကားပုံတွေပါ။ တကယ်တော့ မြန်မာနှင့်‘အိုး’ဟာ အခုအချိန်အထိ နှစ်ပေါင်း အကြာဆုံး ပေါင်းဖက်သုံးစွဲနေရဆဲပါပဲ။ မည်သည့်နှစ်၊ မည်သည့် ရက်က စတင်တည်ဆောက်တယ်ဆိုတာ အတိအကျမသိနိုင်သေးပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၈၀၀)လောက်ကတည်းက ပျက်စီးခဲ့ တဲ့ ဗိဿနိုးမြို့ဟောင်းကို ပြန်လည် တူးဖေါ်တဲ့အချိန်မှာတော့မြေ အိုးသုံးစွဲမှု အကျယ်အပြန့်ရှိခဲ့တဲ့အထောက်အထားတွေ တွေ့ရ ပါတယ်။ ဗိဿနိုးဆိုတာ အခုတောင်တွင်းကြီးမြို့ရဲ့ အနောက်မြောက်ဖက် ၁၁မိုင်ကျော်လောက်မှာရှိပြီး အေဒီ၁ရာစုဝန်းကျင်က ပျူလူမျိုးတွေတည်ထောင်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီး တစ်မြို့လို့လည်း သုတေသီတွေက ခန့်မှန်းကြပါတယ်။ ဗိဿနိုး မြို့ဟောင်း ကြီး ကိုတူးဖော်တဲ့အခါမှာ မြေအိုး၊ မြေခွက်တွေ အများကြီးတွေ့ရ တယ်။ ပုံစံတွေကလည်း ဆန်းကြယ်တယ်။ အရိုးအိုး၊ ရေတည်အိုး၊ ချက်ပြုတ်အိုး၊ လည်တံရှည်အိုး၊ ရေသွန်းကရား၊သပိတ်၊ ဆီမီး ခွက်ကအစ ကလေးကစားစရာ ရှပ်ဒိုးအထိပါဝင်တယ်။

 

 

ဗိဿနိုးမြို့ဟောင်းသာမက တကောင်းမြို့ဟောင်းကို တူးဖော်တော့လည်း အိုးအမျိုးမျိုးတွေ့ရပြန်တယ်။ အလားတူ ပုဂံ မြို့ဟောင်း အနော်ရထာ နန်းတော်ရာဟောင်းကို တူးဖော်ပြန်တော့လည်း အိုးတွေ ထပ်တွေ့ရတာပါပဲ။ ဗိဿနိုးမှာရော တကောင်းမှာရော တွေ့တဲ့အိုးတွေဟာ အိုးပြုလုပ်ပုံအဆင့်မြင့်ပါပြီ။ ဗိဿနိုး က တွေ့တဲ့အိုးမှာဆိုရင် အတွင်းသား ဒိုးလုံးခံကာ အပြင်ကလက်ခတ်နဲ့ရိုက်ပြီး အိုးပြုလုပ်တယ်။ ဒိုးလုံးမှာ အဝတ်ပတ်ထားပုံလည်းရတယ်။ လက်ခတ်မှာ အရုပ်တစ်ခါတည်းထုထားပြီးအိုးကို လက်ခတ်နဲ့ရိုက် ပုံဖေါ်ကြတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ဝန်းကျင် ကတည်းက မြေအိုးမြေခွက်အသုံးအဆောင်ပစ္စည်းတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေကြတာကို ရှေးဟောင်းမြို့ကြီး တွေတူးဖော်ရာမှာတွေ့ရှိခြင်းနှင့် အထောက်အထားပြနိုင်ကြပေမယ့် မြန်မာပြည်တွင်း အိုးသုံးစွဲမှုဟာ ဒီထက်မက ရှေ့မှာ အများကြီး စောပြီးရှေးကျခဲ့ပါတယ် လို့လည်း ဆိုကြတယ်။

 

 

မနုဿဗေဒ ရှုထောင့်အနေနဲ့ ပညာရှင်များအမြင်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း ဝန်းကျင် ကျောက်ခေတ်သစ်မှာ ကတည်းက အချောကိုင် ကျောက်လက်နက်တွေ ပြုလုပ်တာ၊ လယ်ယာစိုက်ပျိုးတာ၊ တိရစ္ဆာန်မွေးမြူတာတွေနဲ့အတူ မြေအိုးမြေခွက်တွေပြုလုပ်သုံးစွဲ နေကြပြီလို့ဆိုပါတယ်။ မြန်မာပြည်အညာဒေသမှာတော့ ပြဒါးလင်းဂူ အပါအဝင် ယဉ်ကျေးမှုထွန်းကားခဲ့မှုများ သိသာထင်ရှားခဲ့ လေတော့ မြေအိုးမြေခွက် သုံးစွဲမှုကလည်း နှစ်ပေါင်း သောင်းချီရှိခဲ့ ပြီလို့ပြောနိုင်ပါတယ်။

 

 

ဒီကနေ့ခေတ်မှာ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဒီဘက် ဆယ်စုနှစ်တွေ အတွင်း ခေတ်ပေါ် ပစ္စည်းတွေခုန်ပျံ တိုးတက်သုံးစွဲလာကြပါပြီ။ ဒါပေမယ့် မြန်မာပြည်ရဲ့ ၇၀% ပြည်သူလူထုဟာ ကျေးလက်လူတန်းစားနှင့် အောက်ခြေလူတန်း စားတွေ များပါတယ်။ ဒီကနေ့မြန်မာပြည်ရဲ့အများစုဖြစ်တဲ့ ကျေး လက်မှာ မြေအိုးမြေခွက်သုံးစွဲမှုဟာ လျော့မသွားပါဘူး စလယ်ဝင် အိုးမှသည် ရာဝင်အိုးထိ၊ အမျိုးအမည်စုံသုံးစွဲကြဆဲပါ။ မြေအိုး လေးနဲ့ချက်တဲ့ထမင်း၊ မြေအိုးလေးနဲ့ချက်တဲ့ဟင်းကို လျှာရင်း မျက်နေကြဆဲပါ။ ကရွတ်ခွေလေးခံ၊ စပါးပင်ပေါက် စိမ်းစိမ်းစိုစို လေးနဲ့ မြေအိုးထဲကရေအေးအေးစိမ်စိမ့်တစ်ခွက်ကနှလုံးစိတ် ဝမ်းအေးချမ်းမှုကို ပေးဆပ်ဆဲပါပဲ။

 

 

ငှက်ကလေးတွေ စိုးစီ၊ စိုးစီ… ဝင်းပေါက်မှာမြည်တဲ့ အာရုဏ်ဦးမှာ မြေအိုးနဲ့ ချက်တဲ့ ထမင်းပုံ့ပုံ့ရဲ့ စလောင်းဖုံးအောက်က ထမင်းပူပူစင်းစင်းလေးကို ဦးပေါင်းလို့ ခေါ်ကြပါတယ်။ စလောင်းဖုံးပုံစံ ပုံ့ပုံ့မို့မို့လေးပေါ့။ အဲဒီ ဦးပေါင်းကို သစ်သားဇွန်းနဲ့ခူးပြီး ဦးဦး ဖျားဖျား ဆွမ်းတော်တင်ပြီးမှ သံဃာတော်တွေကို ဆွမ်းလောင်းလှူ ကြတာလည်း မြန်မာ့ရပ်ရွာဓလေ့ပါပဲ။ ဒါကြောင့်ဒန်အိုးန ဲ့ချက်တဲ့ ထမင်းကို ရှေးမြန်မာကြီးတွေက“ဦးပေါင်းမရှိ၊ ဘာမရှိ၊ ဖွယ်တယ် တယ်နဲ့ မကြိုက်လှပါဘူး”လို့ဆိုကြတာပေါ့။ ဒါကြောင့် မြန်မာ့ ကျေးလက်မှာ ဦးပေါင်းကိုဆွမ်းတော်တင်ချင်လို့ အခုထိမြေအိုးနဲ့ စလောင်းဖုံးနဲ့ ဆွမ်းချက်ဓလေ့ကရှိနေဆဲပါပဲ။

 

 

အလားတူ မြို့ပြတွေက လူမှုဝန်းကျင်မှာ ထမင်းပေါင်း အိုး၊ ဟင်းချက်ပေါင်းအိုး၊ ဟင်းချက်လျှပ်စစ်ဒယ်၊ ရေအေးစက်၊ရေသန့်စက်၊ ရေခဲသေတ္တာစတဲ့အသုံးအဆောင်ပစ္စည်းတွေ အလျှံ ပယ်သုံးနေကြပေမယ့် မြေအိုးမြေခွက် အသုံးအစွဲကတော့ ရှိနေကြပါသေးတယ်။ ရေခဲသေတ္တာထဲက ရေသန့်ဗူးအေးအေးထက် စစ်ကိုင်းပြာသိုအိုးထဲက ရေအေးအေးတခွက်ကို မြန်မာစစ်စစ်ကပိုမက်နေကြဆဲပါ။

 

 

ဒါကြောင့်လည်း အဓိက သောက်ရေအိုးထုတ်လုပ်မှု လုပ်ငန်းကြီးတွေ မြန်မာပြည်တဝှမ်းမှာ ဖြစ်ထွန်းနေဆဲ မဟုတ်ပါလား ။ ပြာသိုလဟာ ရာသီအနေနဲ့ အအေးဆုံးမို့ ပြာသိုလကမြေ ကိုယူပြီးဖုတ်တဲ့ ပြာသိုအိုးဆိုတာ ရေရဲ့အအေးဓာတ်ကို အထိန်းနိုင်ဆုံးဖြစ်ပါသတဲ့။ ဒါကြောင့် ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီး ရွာထောင်ရပ်က တစ်နှစ်တစ်နှစ်ပြာသိုအိုးအလုံးရေ သန်းချီထုတ်လုပ်နေကြရဆဲဖြစ်ပါတယ်။ အောက်မြန်မာပြည်မှာတော့ တွံတေး အိုးက နာမည်ကြီးလှပါတယ်။ ရှေးပဝေသဏီကတည်းကအဆင့် မြင့်မြင့်ထုတ်လုပ်ခဲ့တဲ့၊ ထုပ်လုပ်ဆဲနေရာဒေသပါပဲ။ အထက် အညာ ရွှေဘိုကျောက်မြောင်းဒေသမှာလည်း မြေအိုးမြေခွက်သာမက စဉ့်ထည်တွေကို ရှေးပဝေသဏီမှသည် ဒီကနေ့အထိ အကြီးအကျယ် ထုတ်လုပ်ဆဲဖြစ်ပါတယ်။

 

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ပုစွန်မြောင်း ကျေးရွာမှာလည်း ရှေးပေ၀ သဏီကတည်းက မြေအိုးလုပ်ငန်းဟာ ယခုထိဖြစ်ထွန်းနေဆဲပါ။ စစ်တောင်းမြစ်ဖက်က သဲနုန်းမြေနဲ့ပြုလုပ်တဲ့ ပုစွန်မြောင်း သောက်ရေအိုး တွေအပြင်ထမင်းအိုး၊ ဟင်းအိုးတွေကိုလည်း ကျေးလက်လူထုက မက်မက်မောသုံးစွဲနေကြပါတယ်။ မြေအိုး အနေနဲ့ မြင်းခြံ နဘက်အိုးတဲ့၊မြောင်ကျောက်ရစ်အိုးတဲ့၊ စဉ့်ကူးခက်သင်အိုးတဲ့၊ စစ်ကိုင်းရွာထောင်အိုးတဲ့၊ အင်းဝတပ်ကြီး အိုးတဲ့… နာမည်ကြီးပါတယ်။ခရီးသွားရာမှာဆောင်ယူသွားလို့ ရတဲ့ အဝကျဉ်း လည်ရှည် နဲ့ အလ္လကပ္ပ အိုးလေးတွေကတော့ အခုမတွေ့ရတော့ပါဘူး။

 

 

 

ဘာပဲပြောပြော မြန်မာနဲ့မြေအိုးမြေခွက်ဟာ အခုထိ ‘အိုးမကွာ၊ အိမ်မကွာ’ပါပဲ။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #အိုးမကွာအိမ်မကွာ

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW