ဗန်းမော်-မန္တလေး ကားလမ်းမကြီး ပိတ်ထားချိန် ကြာမြင့်လာတာကြောင့် ဗန်းမော်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာ

 

ဇူလိုင် ၂၅ – ၂၀၂၄
SN (VOM)

မြန်မာနိုင်ငံ (အလယ်ပိုင်း) နဲ့ ကချင်ပြည်နယ် (တောင်ပိုင်း) ကို ဆက်သွယ်ထားတဲ့ ဗန်းမော် – မန္တလေး ကားလမ်းမကြီး ပိတ်ထားချိန် ကြာမြင့်လာတာကြောင့် ဗန်းမော်မြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်တော် (KIA)၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေနဲ့ နစကတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဗန်းမော် – မန္တလေး ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှစတင်ကာ သွားလာခွင့် ပိတ်ပင်ထားတာဟာ လက်ရှိမှာ အချိန်ကာလအားဖြင့် နှစ်လကျော် ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

“အခု ကုန်ဈေးနှုန်းတွေက ဗန်းမော်မှာ တခါမှမကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ။ ဓါတ်ဆီတွေလည်း တဖြည်းဖြည်းရှားလာလို့ တချို့ ဓါတ်ဆီဆိုင်တွေဆို ပိတ်တောင်ထားရတယ်။ လမ်းဘေးဆိုင်လေးတွေမှာပဲ ဈေးကြီးပေးဝယ်နေရတာ။ ဈေးက တလီတာ ကျပ် ၉၀၀၀ ဖြစ်နေပြီ။ လက်လုပ်လက်စားတွေအတွက် ဘယ်လိုမှ အဆင်မပြေတဲ့ဈေး။ ဒီမှာက တနေရာနဲ့ တနေရာသွားဖို့က ဆိုင်ကယ်နဲ့မှ အဆင်ပြေတာလေ။ အခုက တနေ့စာရှာသမျှက ဆီဖိုးနဲ့ပဲ ကုန်နေသလိုဖြစ်နေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိ ဗန်းမော်မှာ ရိုးရိုးဆန် တအိတ် တသိန်း နှစ်သောင်းကျပ်၊ စားသုံးဆီ တပိဿာ တသောင်းခုနစ်ထောင်ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၈၀၀၀ ကျပ် ရှိတဲ့အပြင် တခြားသော ကုန်စည်တွေလည်း အရင်ကဈေးထက် ကျပ် ၁၀၀၀ ဝန်းကျင်လောက် ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့လောက်ကနေစပြီး ဗန်းမော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် မြေနိမ့်ပိုင်းနေရာတွေက ဒေသခံတထောင်နီးပါး ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းကြရပြီး အဲဒီလို ရေကြီးမှုကြောင့်လည်း ကုန်ဈေးနှုန်းတွေ ပိုပြီး မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့မှာ စစ်ဘေးရှောင်ဦးရေ တသောင်းကျော်နဲ့ ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ရှောင်တိမ်း၊ ရွှေ့ပြောင်းနေကြရပြီး မိုးကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမော်_မန္တလေး #ကားလမ်းမကြီး #ပိတ်ထားချိန် #ကြာမြင့် #ဗန်းမော် #ကုန်ဈေးနှုန်း #အဆမတန် #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW