ရွှေရောင်းဝယ်မှုအပေါ် အခွန်တိုးကောက်မှု ရွှေဈေးကွက်ကို ပိုပြီး ပျက်စီးစေနိုင်



ဩဂုတ် ၃၀ – ၂၀၂၄
SN (VOM)

ရွှေရောင်းဝယ်မှုအပေါ် နစက က အခွန် ၃ ရာခိုင်နှုန်း တိုးကောက်မှုဟာ ရွှေဈေးကွက်ကို ပိုပြီး ပျက်စီးသွားစေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

နစကအနေနဲ့ ရွှေရောင်းဝယ်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး ၃ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသွားမယ့် ဥပဒေကို ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ အမှတ် (၅၄/၂၀၂၄) အရ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာ အရင်က ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်မှာလည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်မှာလည်းကောင်း ၁ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေမယ်လို့ ပြဌာန်းထားခဲ့တာပါ။

ဒါပေမယ့် အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေ ဒင်္ဂါးတွေ) နဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်မှာလည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်မှာလည်းကောင်း ၃ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေမယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရွှေလုပ်ငန်းရှင်တယောက်က “အရင်တုန်းကတော့ အတုံးအခဲတွေ၊ အခေါက်တွေဆိုရင် အခွန်မကောက်ဘူး။ အထည်တွေဆိုရင်တော့ ၁ ရာခိုင်နှုန်းကောက်တယ်။ အခုက အတုံးအခဲရော၊ အထည်တွေရော အကုန်လုံးကို ၃ ရာခိုင်နှုန်းဆိုပြီး ပြင်လိုက်တယ်ဆိုတော့ တော်တော်လေး များသွားတယ်။ အတုံးအခဲဝယ်မယ့်သူတွေ ဒုက္ခရောက်တာပေါ့။ အဲဒီတော့ မှောင်ခိုတွေပဲ ဖြစ်ကုန်ကြမှာပေါ့လေ။ မှောင်ခိုဈေးကွက်ကလည်း နဂိုကတည်းက ရှိနေပြီးသားဆိုတော့ အဲဒီ‌ဈေးကွက်က ပိုပြီးကြီးထွားလာဖို့ပဲ ရှိတာပေါ့။ ရွှေဈေးကွက်ကို ပိုပြီး ပျက်စီးသွားစေဖို့ပဲ ရှိပါတယ်။ ရွှေဈေးကွက်ကလည်း ပျက်နေတာ ကြာပါပြီ။ အခုတော့ ပိုဆိုးသွားတာပေါ့။ ပြန်ကောင်းလာဖို့တော့ မလွယ်ဘူး” လို့ ပြောပါတယ်။

အခုလို အခွန် ပြောင်းလဲတိုးမြှင့် သတ်မှတ်လိုက်တာဟာ ရွှေဈေးကွက်အတွင်း ရောင်းရ၊ ဝယ်ရ ပိုမို ခက်ခဲသွားစေနိုင်ပြီး အခွန်တံဆိပ်မပါရင် တရားမဝင်တော့သလို ဝယ်သူအတွက် ပိုပြီး နစ်နာစေနိုင်တယ်လို့ သိရပါတယ်။

“သူတို့တွေက ဝယ်သူဆီက ကုန်သွယ်ခွန် ၃ ရာခိုင်နှုန်း ဆိုပြီး ကောက်ခိုင်းတာပေါ့။ customer က ၁၀ သိန်းဖိုး ဝယ်မယ်ဆိုလို့ရှိရင် အခွန်က ကျပ် သုံးသောင်းလောက် ဆောင်ရမယ့်သဘောရှိတယ်။ သိန်း ၁၀၀ ဖိုး ဝယ်မယ်ဆို သုံးသိန်းလောက် ဆောင်ရမယ့်သဘောရှိတယ်။ အကယ်ဒမီတုံး တတုံးဝယ်မယ်ဆိုလို့ရှိရင် အကယ်ဒမီတုံး တတုံးရဲ့တန်းဖိုးကလည်း ခုဆိုရင် သူတို့ YGEA ရဲ့ သတ်မှတ်ဈေးနဲ့ တွက်မယ်ဆိုရင်တောင် ကျပ် သိန်း ၅၀၀ ရှိတယ်။ အဲဒီတော့ သိန်း ၅၀၀ ဆိုရင် ၁၅ သိန်းလောက် ဆောင်ရမယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်သွားတာပေါ့လေ” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

အခုလို အခွန်ပြင်ဆင် သတ်မှတ်ခြင်းဟာ ရွှေဈေးကွက်အတွင်း အတုံးအရောင်းအဝယ်တွေကို မရှိစေချင်တဲ့သဘောလည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ် ပြောဆိုပါတယ်။

“နဂိုကတည်းက အရောင်းပါးနေတဲ့ကြားထဲက ဒီလို အခွန်တိုးကောက်လိုက်တယ်ဆိုတော့ ပိုပါးသွားဖို့ပဲ ရှိတာပေါ့လေ။ အခြေအနေကတော့ မကောင်းဘူးလို့ဘဲ ပြောရမှာပဲ” လို့ သူက ပြောပါတယ်။

လက်ရှိ ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဥပဒေမှာ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်ကောက် ဥပဒေ ပုဒ်မ (၁၄) ပုဒ်မခွဲ (က) ရဲ့ ကုန်သွယ်လုပ်ငန်းခွန်ဥပ‌ဒေ နောက်ဆက်တွဲဇယားများ အမှတ်စဉ် (၃၉) မှာ ပါရှိတဲ့ “ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့်” ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ရမယ်လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။

လက်ရှိ ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေမှာဖြစ်ပြီး နစကဥက္ကဋ္ဌကိုယ်တိုင် အမိန့်ထုတ် ပြင်ဆင်ပြဌာန်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW