တောင်ငူမြို့က ရေဘေးသင့်ပြည်သူ တသောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေ

ဩဂုတ် ၃၁ – ၂၀၂၄
SS (VOM)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ရေဘေးသင့်ပြည်သူ တသောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ Save The Trees Rescue Team မှ တာဝန်ရှိသူတယောက်ကဖြစ်တဲ့ ကိုကျော်သူရက ပြောပါတယ်။
တောင်ငူမြို့နယ်မှာ သုံးပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆွာရေလှောင်တမံ ရေလျှံလာပြီး ဩဂုတ် ၂၇ ရက်မှစတင်ကာ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။
ရေကြီးမှုကြောင့် မြို့ပေါ်ရှိ (၈) ရပ်ကွက်၊ (၉) ရပ်ကွက်၊ (၁၀) ရပ်ကွက်၊ အလယ်ကျွန်းရပ်ကွက်တွေနဲ့ ဇီးဖြူပင်၊ သဖန်းပင်၊ ပြသောင်၊ ထုံးဘို၊ ချောင်းကမ်း၊ ကမ်းနီ အစရှိတဲ့ ကျေးရွာတွေအပြင် စစ်တောင်းမြစ်အနီးရှိ ကျေးရွာတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကိုကျော်သူရက ပြောပါတယ်။
“ကျေးရွာတွေဘက်က အကူအညီတွေ ပိုလိုအပ်နေတာ။ ရေကြီး‌နေတော့ သွားလာလို့လည်း မလွယ်ဘူး။ အဲဒီရွာတွေဘက်မှာ သန့်ရှင်းတဲ့ရေ မရလို့ ဒေသခံ အယောက် ၂၀ လောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတယ်။ ပြီးတော့ ဖျားနာနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီဘက်တွေကျတော့ ရေသန့်၊ အစားအစာတွေအပြင် ဆေးဝါးတွေလည်း လိုအပ်နေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် တောင်ငူမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ခြောက်ခု ဖွင့်လှစ်ထားပြီး အမှတ် (၆) ကျောင်းမှာ လူဦးရေ ၈၀၀၊ အုတ်ကျွတ်တန်း (၁) မူလတန်းကျောင်းမှာ လူဦးရေ ၄၅၀၊ အုတ်ကျွတ်တန်း (၂) မူလတန်းကျောင်းမှာ လူဦးရေ ၂၅၀၊ ပေါ်တော်မူဘုရားမှာ လူဦးရေ ၆၀၀၊ ရွှေဂူကြီးဘုရားမှာ လူဦးရေ ၁၅၀၊ ကန်ရိုးတောရကျောင်းမှာ လူဦးရေ ၁၀၀ စသဖြင့် စုစုပေါင်း လူဦးရေ ၂၃၅၀ ဝန်းကျင် ထားရှိတယ်လို့ သိရပါတယ်။
ရေဘေးသင့် ပြည်သူတွေအတွက် ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးတွေ၊ စားနပ်ရိက္ခာနဲ့ သောက်ရေသန့်တွေကို ယာယီ ကူညီထောက်ပံ့ပေးထားရပြီး အဓိကအားဖြင့် တောင်ငူမြို့အတွင်းက အလှူရှင်တွေနဲ့ ပြည်ပရောက် မြန်မာတချို့ရဲ့ ကူညီထောက်ပံ့မှုတွေကိုသာ အားထားနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်နဲ့ ဆွာ ရေလှောင်တမံမှရေတွေလည်း ပြန်လည် ကျဆင်းခြင်း မရှိသေးတဲ့အတွက် အနိမ့်ပိုင်းဒေသတချို့က သီးနှံစိုက်ပျိုးခင်းတွေလည်း ရေနစ်မြုပ်လျက်ရှိတယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၃၁ ရက် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၃ လက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မဒေါက်မြို့မှာလည်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၃ လက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
Photo:Save The Trees Rescue Team

Related posts

Leave a Comment

VOM News

FREE
VIEW