ထိုင်ဝမ်ကျွန်း ကမ်းတက်စစ်ဆင်ရေးတွေ တရုတ်စစ်တပ် ဆက်လက်ပြင်ဆင်နေ



တိုင်ပေ ၊ ဩဂုတ်-၃၁-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ကမ်းတက်စစ်ဆင်ရေးတွေအတွက် ဆက်လက်ပြင်ဆင်နေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တရုတ်ရဲ့ စစ်ရေးစွမ်းရည်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

မေလမှာ သမ္မတလိုင်ချင်းတီ ရာထူးရယူပြီးနောက်ပိုင်း တရုတ်နိုင်ငံကလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်ပြီး ထိုင်ဝမ်စစ်တပ်နဲ့ပြည်သူတွေရဲ့ စိတ်ဓါတ်ပျက်ပြားစေဖို့ ရည်ရွယ်တာလို့ ထိုင်ဝမ်ပါလီမန်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကို ရေကြောင်းကနေ ပိတ်ဆို့တာတွေကို သေချာစေဖို့အတွက် ထိုင်ဝမ်အရှေ့ဘက် ကမ်းလွန်ရေပြင်ထိ စစ်သင်္ဘောတွေအပြင် ကမ်းခြေစောင့်တပ် သင်္ဘောများပါ စေလွတ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ သဘာ၀ ပထဝီပတ်ဝန်းကျင်နဲ့ထောက်ပံ့နိုင်စွမ်း မလုံလောက်သေးတာကြောင့် ထိုင်ဝမ်ကို အပြည့်အ၀ကျူးကျော်ဖို့တော့ အားနည်းနေသေးတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့်လည်း တရုတ်စစ်တပ်ဟာ ကမ်းတက်စစ်ဆင်ရေးတွေ ပြင်ဆင်ဖို့အတွက် စစ်ဘက်ဆိုင်ရာ နည်းပညာတွေနဲ့ စက်ပစ္စည်းကိရိယာအသစ်တွေကို တီထွင်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ယခုနှစ်အစောပိုင်းမှာ စည်းကမ်းချိုးဖောက်မှုကြောင့် တရုတ်ကွန်မြူနစ်ပါတီကနေ ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ယောက်ကို ထုတ်ပယ်လိုက်တာကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါဟာ စစ်တပ်အတွင်း သဘောထားကွဲလွဲမှုတွေကို ဖော်ပြနေပေမယ့် သမ္မတရှီကျင်းပင် အာဏာအခြေခံ ပြိုလဲလောက်တဲ့ထိ မပြင်းထန်ဘူးလို့ ဖော်ပြထားပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW