လာမယ့် သီတင်းပတ်မှာ နိုင်ငံတဝန်း မိုးများနိုင်ပြီ ရုတ်တရက် ရေကြီးမှုတွေ သတိပြုဖို့လို



စက်တင်ဘာ ၆ – ၂၀၂၄
SN (VOM)

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂိ” (YAGI) နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လာမယ့် သီတင်းပတ်မှာ မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှု များနိုင်တဲ့အတွက် ရုတ်တရက် ရေကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကို တိုင်ဖွန်းမုန်တိုင်း “ရာဂိ” ဖြတ်ကျော်ပြီးနောက် ရွေ့လျားလာမယ့် အကြွင်းအကျန် တိမ်တိုက်တွေကြောင့်အပြင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတို့ရဲ့ အရှိန်ကြောင့် အခု စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အတွင်း နိုင်ငံတဝန်း မိုးရွာသွန်းမှု များပြားလာနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုင်ဖွန်း “ရာဂိ” ဟာ ဟိုင်နန်ကျွန်းရဲ့ အရှေ့ဘက်လောက်မှာ ရှိနေပြီး အဲဒီကျွန်းကိုတောင် ဖြတ်ကျော်ခြင်း မရှိသေးဘူးလို့ ဦးလှထွန်းက ပြောပါတယ်။

ဟိုင်နန်ကျွန်းကို ဖြတ်ကျော်လာပြီးရင်တော့ အနောက်ဘက်ကို ရွေ့လျားနေတဲ့ အနေအထားဖြစ်တာကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းလောက်ကို လေဖိအားနည်းရပ်ဝန်း အဆင့်နဲ့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“မုန်တိုင်းကနေ အားလျော့ပြီး ရောက်ရှိလာနိုင်တဲ့ အခြေအနေပေါ့။ သို့သော် မုန်တိုင်းအကြွင်းအကျန်၊ လေဖိအားနည်းရပ်ဝန်း အကြွင်းအကျန် တိမ်တိုက်တွေကတော့ ဆက်ရွေ့တဲ့အခါကျတော့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ မိုးရွာသွန်းမှုများနိုင်တယ်။ နောက်တခု လေဖိအားနည်းရပ်ဝန်းကလည်း ဘင်္ဂလားပင်လယ်အော်ထဲမှာ ရှိနေတဲ့အခါကျတော့ အဲဒီ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်ရယ်၊ တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့်ရယ် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုတွေ တဖန်ပြန်ပြီး များလာမယ့်အနေအထားရှိတယ်” လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပါက တောင်ကုန်းတောင်တန်း ဒေသတွေမှာ တောင်ကျရေစီးဆင်းမှု များလာနိုင်သလို မြစ်ချောင်းတွေရေပြည့်ပြီး ရေကြီးရေလျှံမှု တဖန်ပြန်လည် ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

“ခန့်မှန်းချက်အရ တိုင်ဖွန်းကတော့ နည်းနည်းဝေးသေးတယ်။ လက်ရှိက ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်း ရှိနေတယ်။ တိုင်ဖွန်းကိုချည်းပဲ မဲလို့မရဘူး။ ပြီးတော့ ဒီကာလက စက်တင်ဘာ မိုးနှောင်းကာလဖြစ်ပေမယ့် မုတ်သုံကလည်း မဆုတ်သေးဘူး။ မဆုတ်သေးတဲ့အပြင် အဲဒီလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ မုတ်သုံက တဖန်ပြန် အားကောင်းနေတဲ့အခါကျတော့ ရခိုင်တို့၊ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ မိုးများဖို့ရှိတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ခန့်မှန်းချက်တွေအရ စက်တင်ဘာ ၈ ရက်ကစလို့ ၁၂ ရက်နေ့လောက်အထိ တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် မိုးရွာသွန်းမှု များပြားလာနိုင်ပြီး အဲဒီကာလမှာတော့ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာပါ မိုးရွာလာနိုင်တာကြောင့် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ဘယ်ဒေသတွေ အထူးသတိထားဖို့ လိုအပ်လဲဆိုတော့ အကုန်လုံးပေါ့။ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းရော၊ မြစ်ဝကျွန်းပေါ်ရော၊ တပြည်လုံးလိုလိုပေါ့လေ။ တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ရောက်လာမှာရယ်၊ ခုဏကပြောတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်ရယ်ဆိုတော့ ဖြစ်နိုင်တယ်။ ပုံမှန်ဆိုရင်တော့ လေဖိအားနည်းရပ်ဝန်း မရှိဘူးဆိုရင် မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေက အရှေ့ကနေ အလယ်ပိုင်း၊ မြောက်ပိုင်းဘက်ကို သွားတာ။ အခုက လေဖိအားနည်းရပ်ဝန်းပါ ရှိနေတဲ့အခါကျတော့ မြန်မာနိုင်ငံ အနောက်ခြမ်းတွေရော၊ မြစ်ဝကျွန်းပေါ် တောင်ခြမ်းတွေရော မိုးသည်းထန်စွာ ရွာတာတွေရှိမယ်။ သို့သော် ရက်ဆက်တော့ ဟုတ်ချင်မှဟုတ်မယ်။ တချို့ရက်တွေမှာတော့ ရွာနိုင်တယ်။ အဲဒီအချိန်တွေကိုတော့ သတိပြုဖို့ လိုအပ်တာပေါ့” လို့ သူက ပြောပါတယ်။

ဒါအပြင် မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သွားပြီးတဲ့ နောက်ပိုင်းမှာလည်း မုတ်သုံ အားပြန်တက်လာမယ့် အနေအထား ရှိတာကြောင့် အခု စက်တင်ဘာ လလယ်လောက်အထိ မြန်မာနိုင်ငံရှိ ဒေသအတော်များများမှာ မိုးသည်းထန်စွာရွာတာ၊ မိုးကြီးတာတွေ ဖြစ်နိုင်သေးတဲ့အတွက် ဆက်လက် ဂရုပြုဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

လက်ရှိကာလဟာ တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းတွေ အဖြစ်အများဆုံးအချိန် ဖြစ်ပြီး မုန်တိုင်းရာသီလို့ ပြောလို့ရကာ ဩဂုတ်လက စပြီး တပတ်ကိုတကြိမ်လောက် မုန်တိုင်းဖြစ်တဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

“တောင်တရုတ်ပင်လယ်ပြင်နဲ့ ပစိဖိတ်သမုဒ္ဒရာအရှေ့ခြမ်းပေါ့လေ။ အဲဒီကဖြစ်တဲ့ မုန်တိုင်းတွေကတော့ မြန်မာနိုင်ငံဘက် (အနောက်ဘက်) ကို ရွေ့တာတော့ မဟုတ်ဘူး။ တခါတရံ ဂျပန်ကျွန်းစုဘက်ကို ရွေ့သွားတဲ့မုန်တိုင်းရှိတယ်။ ပြီးခဲ့တဲ့ရက်တွေက ဂျပန်ကျွန်းစုဘက်ကို ရွေ့သွားတဲ့မုန်တိုင်းရှိတယ်။ အခုက တရုတ်ဘက်ရွေ့တယ်။ အဲဒီလို တရုတ်ဘက်ရွေ့တယ်၊ ဗီယက်နမ်ကမ်းခြေဘက်ကို ရွေ့တယ်ဆိုရင် မြန်မာနိုင်ငံဘက်ကို အကြွင်းအကျန် တိမ်တိုက်တွေ (ဒါမှမဟုတ်) လေဖိအားနည်းရပ်ဝန်း (ဒါမှမဟုတ်) လေပွေလှိုင်းအဖြစ်နဲ့ ရောက်ရာက်လာတတ်တော့ ဘာပဲပြောပြော ဒီတောက်လျှောက် တလလုံးက သတိထားရမှာပါ” လို့ သူကပြောပါတယ်။

လက်ရှိ ကာလမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးတွင် နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုဖို့ လိုအပ်သလို ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးအနေနဲ့လည်း သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး နှိုးဆော်ထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW