မြန်မာပြည်အလယ်ပိုင်း ရေဘေးသင့်ဒေသတွေရဲ့ နောက်ဆုံးအခြေအနေများ

စက်တင်ဘာ ၁၇ – ၂၀၂၄
SN (VOM)
မုန်တိုင်းကြောင့် မိုးများ၊ ရေကြီးခဲ့တဲ့အတွက် မြန်မာပြည်အလယ်ပိုင်းက နေပြည်တော်၊ တောင်ငူ၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ ရေကြီးရေလျှံတာ၊ ဆည်ကျိုးတာတွေအပြင် တောင်ပြိုတာတွေကြောင့် လူနဲ့ တိရစ္ဆာန်တွေ၊ နေအိမ်တွေ၊ လမ်းနဲ့ တံတားတွေ၊ လယ်မြေတွေ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီမြို့နယ်တွေထဲက တချို့နေရာတွေမှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို ရေဆက်လက် မြင့်တက်နေဆဲဖြစ်တဲ့ တချို့သောနေရာတွေကတော့ ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။
မိုးကြီးတာကြောင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ ဆင်သေချောင်းနဲ့ ငလိုက်ချောင်း အပါအဝင် ပေါင်းလောင်းမြစ်အတွင်းကို တောင်ကျချောင်းရေတွေ ဝင်ရောက်ပြီး မြို့နယ် ရှစ်မြို့နယ်ရှိတဲ့အထဲက တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်တွေကို ရေလွှမ်းခဲ့တာပါ။
လက်ရှိမှာ ရေပြန်ကျသွားပြီဖြစ်တာကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်ပြီး အရေးပေါ်အကူအညီတွေ လိုအပ်လျက်ရှိကာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“အခုက ရေကတော့မရှိတော့ဘူး။ နုံးတွေတော့ကျန်ခဲ့တယ်။ လက်ရှိမှာ ပြည်လည် ထူထောင်ရေးအတွက်ကို လုပ်နေတယ်ပေါ့။ ပြိုကျပျက်စီးပြီး ရေထဲပါသွားတဲ့ အိမ်တွေဆိုလည်း တချို့ရွာတွေဆို တအိမ်၊ တချို့ရွာတွေဆို သုံးအိမ်၊ လေးအိမ်အထိရှိမယ်။ အဲဒီ မိသားစုတွေကတော့ နေစရာကို မရှိတော့တာပေါ့။ တချို့ဆို ကယ်ဆယ်ရေးစခန်းကနေပြီးတော့ အိမ်ကိုပြန်ချင်တယ်။ ဒါပေမယ့် ပြန်စရာ အိမ်မရှိတော့တဲ့အတွက် ကယ်ဆယ်ရေးစခန်းမှာပဲ ဆက်ပြီး နေနေရတဲ့သူတွေရှိတယ်။ သူတို့တွေအတွက်က အလှူရှင်အများကြီး လိုအပ်နေတဲ့အပိုင်းတွေ ရှိပါတယ်” လို့ ပုဗ္ဗသီရိမြို့နယ်က ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
ဒါအပြင် နေပြည်တော်အပါအဝင် ရေကြီးခဲ့တဲ့ မြို့နယ်တွေမှာ ရေဘေးအတွင်း သေဆုံးခဲ့တဲ့ လူနဲ့ ကျွဲ၊ နွားတွေအပါအဝင် အိမ်မွေးတိရိစ္ဆာန်တွေကို ရှင်းလင်းဖို့ ကျွမ်းကျင်လုပ်သား အင်အားနဲ့ စက်ပစ္စည်းကိရိယာ အထောက်အကူတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ရမည်းသင်းမြို့နယ်မှာလည်း ရပ်ကွက်၊ ကျေးရွာအများအပြား ရေကြီးနစ်မြုပ်ခဲ့တာမှာ လက်ရှိမှာတော့ ရေပြန်ကျသွားပြီဖြစ်ပေမယ့် ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ရမည်းသင်းမြို့နယ်အရှေ့ဘက် လဲဖြူချောင်းနဲ့ ဂွေးပင်ချောင်းဘေးက ရွှေလုပ်သားတွေ အများဆုံးနေထိုင်တဲ့ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ သပြေတောကျေးရွာမှာတော့ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့ သိရပြီး အိမ်ခြေ ၄၀၀ နီးပါး ဆုံးရှုံးခဲ့ကာ လူသေဆုံး၊ ပျောက်ဆုံးနေသူ အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။
အလားတူ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်မှာလည်း ရေဘေးကြောင့် ပျက်စီးသွားတဲ့ ရွာများစွာရှိနေပြီး ပြန်လည် ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေသလို သာစည်မြို့နယ်မှာလည်း သေဆုံးနေတဲ့ တိရစ္ဆာန်တွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်က ကျောက်ဆည် ဆည်အောက်မှာရှိတဲ့ ကျေးရွာတွေမှာလည်း ရေတိုက်စားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့အတွက် လာရောက်လှူဒါန်းသူတွေ ရှိပေမယ့် အခက်အခဲတွေ ကြုံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကျောက်ဆည်မြို့မှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် အဝတ်အထည်တွေနဲ့ အစားသောက်တွေ အရေးပေါ် လိုအပ်လျက်ရှိသလို မြစ်သားမြို့နယ်က ရေဝင်ရောက်နေတဲ့ ကျေးရွာတွေမှာလည်း ထမင်းမစားရတာ သုံး၊ လေးရက်လောက် ရှိနေပြီဖြစ်တဲ့ ရွာတွေရှိနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“မြစ်သားဘက်က ဒါးရဲကောင်းရွာက လူတွေဆို ထမင်းမစားရတာ သုံးရက်ရှိပြီတဲ့။ အလှူရှင်တွေ တော်တော့်ကို လိုအပ်နေပါသေးတယ်။ ရေစီးအရမ်းသန်လို့ ပုစဉ်းခေါင်းထော်လာဂျီနဲ့မှ သွားလို့ရပါတယ်။ အဲဒီနားက စံပယ်တောရွာက မောင်းပီးလိုက်ပို့ပေးပါတယ်။ အမှန်တကယ်ကို ခက်ခဲနေကြတာမို့ အစမှာတင်မဝေပေးဘဲ ဟိုးအဆုံးထိ ရောက်အောင် သွားစေချင်ပါတယ်” လို့ သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။
တောင်ငူမြို့မှာလည်း ရေကြီးမှုကြောင့် တမြို့လုံးနီးပါး ရေလွှမ်းနေတာဖြစ်ပြီး အထူးသဖြင့် စစ်တောင်းမြစ်ကမ်းဘေး ဝဲ/ယာ ကျေးရွာတွေအားလုံး ရေကြီးမှုဒဏ်ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ရေဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရသူ ရှစ်သောင်းခုနစ်ထောင်ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပြီး စစ်တောင်းမြစ် တဖက်ကမ်းကို ဖြတ်ကူးကယ်ဆယ်ဖို့ လှေအခက်အခဲ ရှိနေကြတာကြောင့် ရေစတက်လာကတည်းက ကယ်ဆယ်ရေးမရောက်တဲ့ရွာတွေမှာ ပြည်သူတွေ ပိတ်မိနေကြတာ ရှိနေသေးတယ်လို့ သိရပါတယ်။
ဒါအပြင် ဝမ်းတွင်းမြို့နယ်မှာလည်း ရေဘေးကြောင့် အကူအညီလိုအပ်နေတဲ့ ကျေးရွာတွေရှိနေပြီး သွားရေးလာရေး ခက်ခဲတာကြောင့် အလှူရှင်နည်းနေပြီး လုံလောက်ကူညီမှုတွေ မရရှိသေးဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်း ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးသူ ၃၀၃ ယောက်ရှိပြီး ကျွဲနွားတိရစ္ဆာန်ကောင်ရေ တသိန်းနှစ်သောင်းကျော် သေဆုံးခဲ့ကာ စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ခြောက်သိန်းခွဲနီးပါး ပျက်စီးခဲ့တယ်လို့ နစက က သတင်းထုတ်ပြန်ထားပါတယ်။
ဒေသခံတွေနဲ့ အကူအညီပေးရေး ဝန်ထမ်းတွေကတော့ ထိခိုက်သေဆုံးသူ အရေအတွက် အခုထက်များနိုင်သလို ပျက်စီးဆုံးရှုံးမှု ပမာဏဟာလည်း ကြီးမားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW