ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့ အလုပ်အကိုင် အေဂျင်စီ ၁၅၀ နီးပါး အရေးယူခံရ



စက်တင်ဘာ ၁၈ – ၂၀၂၄
SN (VOM)

ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့တဲ့ လစာငွေလွှဲစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၅၀ နီးပါး အရေးယူခံရတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမားစေလွှတ်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို စစ်ဆေးခဲ့တာမှာ မိသားစုလွှဲပို့ငွေစာရင်း စစ်ဆေးခံဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ရှစ်ခု၊ အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၇၁ ခုနဲ့ သတ်မှတ်ရာခိုင်နှုန်းပြည့်မီစွာ အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၆၇ ခု၊ စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က “စာရင်းတွေက သူတို့သတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့က တော်တော်ခက်ပါတယ်။ စာရင်းပို့နိုင်ပါတယ်ဆိုတဲ့ အေဂျင်စီတွေတောင် အများဆုံး ၅၀ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်တာ။ ဟိုဘက်ရောက်သွားတဲ့ အလုပ်သမားတွေဆီက လွှဲပို့ငွေစာရင်း တောင်းနိုင်ဖို့ဆိုတာကလည်း တော်တော်အကျပ်ရိုက်တဲ့ ကိစ္စပါ။ ဟိုဘက် ရောက်သွားရင် သူတို့နဲ့ အဆက်အသွယ်ရနိုင်ဖို့ ဆိုတာကလည်း ၉၀ ရာခိုင်နှုန်းလောက် မသေချာတော့ဘူးလေ။ ကြာလာတော့လည်း ဒီအလုပ်ဆက်လုပ်ဖို့တောင် ဆက်မလုပ်ချင်တော့ဘူး။ လုပ်ငန်းပြောင်းဖို့တောင် စဉ်းစားနေရပြီ။ တချို့တွေလည်း လုပ်ငန်းပြောင်းတဲ့သူက ပြောင်းနေပြီ” လို့ ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီတွေကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်တွေ ဆိုင်းငံ့တာ၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့တာတွေနဲ့ ဒဏ်ကြေးငွေ တသိန်း ပေးဆောင်စေတာ စတဲ့ အရေးယူမှုတွေ ဆောင်ရွက်ခဲ့ပြီး ခွင့်ပြုချက်ရရှိပြီးတဲ့ အလုပ်ခေါ်စာတွေကိုတော့ ဆက်လက် လုပ်ဆောင်ခွင့်ပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အရေးယူခံရတဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့မိသားစုလွှဲပို့ငွေစာရင်း အထောက်အထားတင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီရင် စေလွှတ်ရေးလုပ်ငန်းစဉ်နဲ့ အလုပ်ခေါ်စာအသစ် တင်ပြခွင့်ကို ဆက်လက် ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမား စေလွှတ်ခဲ့တဲ့ အေဂျင်စီ ၂၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ရှစ်ဆယ်ကျော်လောက်သာ အထောက်အထား ရာနှုန်းပြည့် တင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နစကအနေနဲ့ အေဂျင်စီတွေဆီက ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေစာရင်း တောင်းယူနေတဲ့အပြင် အလုပ်သမားတွေကိုလည်း မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ဖို့ ပျက်ကွက်ရင် ပြည်ပကို အလုပ်နဲ့ထွက်ခွာမှုကာလကို အကန့်အသတ်နဲ့ပိတ်ပင်တာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးခြင်းမပြုတာ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုတာ စတာတွေအပြင် လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် ပြည်ပရောက် မြန်မာတွေအနေနဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကိုလည်း ဝင်ငွေခွန်အဖြစ် ပေးဆောင် ရမယ်လို့ ညွှန်ကြားထားပါသေးတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW