နေပြည်တော် သုံးလောင်းပြိုင် လူသတ်မှု တရားခံတွေကို သေဒဏ်အပြင် ထောင်ဒဏ်တွေပါချမှတ်

အောက်တိုဘာ ၁၀ – ၂၀၂၄
SN (VOM)
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုလိုက် သုံးလောင်းပြိုင် အသတ်ခံရမှုမှ တရားခံတွေကို သေဒဏ်အပြင် နှစ်ရှည်ထောင်ဒဏ်တွေပါ ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီ လူသတ်မှုဖြစ်စဥ်ဟာ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက နေအိမ်တအိမ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ ဦးသန်းနိုင်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး၊ သားဖြစ်သူ ရွှေအုပ်စိုးတို့ဖြစ်ကာ တရားခံတွေဟာ လူသတ်မှုကျူးလွန်ပြီးနောက် လက်ကိုင်ဖုန်း သုံးလုံးနဲ့ မော်တော်ယာဉ် တစီးကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်တွေအရ ပြစ်မှု ကျူးလွန်သူတွေဖြစ်တဲ့ ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူ၊ နန်းကိုသူ (ခ) နန်းမောင်နဲ့ အသက်မပြည့်သေးတဲ့ တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်ကိုတို့ ငါးယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ရုံးတင် တရားစွဲဆိုကာ စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အမိန့်ချတာကတော့ အောက်တိုဘာ ၈ ရက်နေ့ကပါ။ ဥတ္တရခရိုင်တရားရုံးနဲ့ ဥတ္တရသီရိမြို့နယ် တရားရုံးတွေမှာ အမိန့်ချခဲ့တာပါ။ ပြစ်မှုကျူးလွန်သူတွေထဲက အဓိက တရားခံ နှစ်ယောက်ကိုတော့ သေဒဏ်အပြင် နှစ်ရှည်ထောင်ဒဏ်ပါ ချမှတ်ခဲ့တာဖြစ်ပါတယ်” လို့ တရားရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေရဲ့ ဝန်ခံထွက်ဆိုချက်တွေအရ တရားခံ ရဲထက်ကျော် (ခ) ကိုချစ် ဆိုသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်အပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့သလို တရားခံ နန်းကိုသူ (ခ) နန်းမောင် ဆိုသူကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်အပြင် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် တရားခံ ကျော်အေး (ခ) ပသိုင်း ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်အပြင် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လ၊ တရားခံ ကျော်သူ ဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လ အသီးသီးကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အသက်မပြည့်သေးသူ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော် ဆိုသူကိုလည်း ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦး၊ ရွှေအုပ်စိုးတို့ကို သေစေခဲ့တဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့ပြီး ပြစ်ဒဏ် သုံးရပ်ကို တပြိုင်တည်း ကျခံစေဖို့နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် သုံးနှစ်ကို သီးခြား ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ ဆိုင်ကယ်အသစ်ဝယ်ဖို့အတွက် ငွေကြေးလိုအပ်ချက်ကြောင့် သူငယ်ချင်းမိသားစုကို သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကလည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာမှာ သက်ကြီးပိုင်း အမျိုးသမီးတယောက် အသတ်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW