နှစ်ဦးဂီတလက်ဆောင်

 

 

ဆူးငှက်

 

“သင်္ကြန်လေညင်းလုလင် မြူးရွှင်တော့လေ …

ပိတောက်တွေထုံတဲ့ဝတ်မှုံ ဝတ်ဆံကြားတွေ …

ဝတ်ရည်ဆွတ်ဖျန်းလို့သာ … ဖြတ်သန်းကာ .. ကြိုင်လန်းစွာ …

ငွေငန်းကို ကြိုလာပါတော့တယ်လေ …

ဘယ်သူတွေ … ထိုလေပြေကိုစေ ..

ဟောဒီရေနန်းဗိမာန် … ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ ..

နှစ်ဦးဂီတလက်ဆောင် … ပျော်အောင်လေ .. တာဝန်ကျေ

လှပေါင်းခတဲ့တို့မေ … လှပေါင်းခတဲ့ တို့မေ …

လောင်းမှာလား .. သင်္ကြန်ရေ .. ရွှဲအောင်လောင်းမေ မာပါစေ ..””

 

ဆောင်းနှင်းပါးပါးလွင့်စ …၊ တောင်လေပြည်ဖြူးဖြူးတွင် ရွက်ဝါတွေ ဖွေ့ဖွေ့ကြွေသည်နှင့် သင်္ကြန်ရနံ့လေးကို လှိုက်ခနဲသတိရလိုက်ကြသည်။ အခုမှ တပေါင်းလပင်မပြည့်သေးဟု မည်သူက ဆိုစေကာမူ ဆောင်းပုံရိပ်ထူထူတွင် နွေပုံရိပ်ပါးပါးလေးဝင်လာကတည်းက သင်္ကြန်ရနံ့သည် လူတိုင်းရင်ထဲ တိတ်တခိုးဝင်လာသည်ချည်းပင်။ အခုတော့ သင်္ကြန်ရနံ့အဖြစ် ဦးဦးဖျားဖျား ဝင်လာတတ်တာက ကက်ဆက်၊ စီဒီ၊ ဗီစီဒီချပ်များဆီက သင်္ကြန်သီချင်းများ ပဲဖြစ်သည်။

 

လွန်ခဲ့သော နှစ် ၂၀ ၏ရှေ့ပိုင်းနှစ်ကာလများမှာကတော့ အခုလို နွေရနံ့လေးရလာသည်နှင့် ရွက်ဝါတွေ ဖွဲဖွဲကြွေနေသော ရိုးတံကျဲကျဲ ကုက်္ကိုပင် ကြီးများ၏ ပင်စည်မှာ သင်္ကြန်အဖွဲ့ကြော်ငြာပိုစတာတွေ ဖွေးဖွေးလှုပ် လာတော့သည်။

 

“မေနုယဉ်တို့ ပျော်မည်။

ဒေါ်လှတင်ထံ စာရင်းပေးပါ”

 

“ဖိုးသိကြားတို့ထွက်လို့လာ …

အမြင်မတော်တာတွေ ပြောချင်လွန်းလို့ …”

““ဝင်ကြေး ၁၀ ကျပ်၊ ဝင်းဆံသတွင် စာရင်းပေးပါ။”” စတဲ့ … စတဲ့ ပိုစတာများဖြစ်သည်။

 

နှစ်စဉ်ဆင်နွှဲနေကျ အသင်းကြီးများကလည်း အသင်းတည်ရာ အိမ်၌ဖြစ်စေ …၊ အသင်းတိုက်၌ဖြစ်စေ …၊ လူစုကြပြီး ဘယ်သီချင်းတွေစပ်ကြမည်။ ဘယ်လိုအလိုက်၊ ဘယ်လိုအသွား၊ ဘယ်လိုစာသားတွေ ရေးဖွဲ့ကြမည်။ အလှပြယာဉ်ကို ဘယ်သို့ဘယ်ပုံပြင်ဆင်ခြယ်သကြမည်ဆိုတာ တိုင်ပင်ကြ၏။ နှီးနှောကြ၏။

 

မကြာမီ မန္တလေးမြို့၏ရပ်ကွက်အသီးသီး၊ ဝင်းအသီးသီးမှာ တီးလုံးတိုက်သံတွေ ပျံ့လွင့်လာသည်။ ဝင်းလည်ခေါင် နှီးချောဖျာကြီးတွေခင်းပြီး အောက်လင်းဓာတ်မီးတွေ ထွန်းညှိကာ အတီးတိုက်၊ အကတိုက်ကြသည်။ အသင်းတိုက်တွေမှာလည်း  နေ့ညမပြတ် သီချင်းသံ၊ ဂီတသံတွေဆက်နေသည်။ ထိုစဉ်က မန္တလေးမှာ အမျိုးသား အလှပြအသင်းကလည်း အရေအတွက်ရာချီရှိသည်။ အမျိုးသမီးဧည့်ခံရေသဘင်အဖွဲ့တွေကလည်း အသင်းပေါင်း ရာချီရှိ ကြ၏။ မန္တလေးမှာက လူတိုင်းလိုလို အနုပညာနှင့်မဝေးကြ။ တီးတတ်၊ မှုတ်တတ်၊ ဆိုတတ်၊ ကတတ်ကြရုံမက သီချင်းဂီတကိုလည်း ရေးတတ်၊ ချွတ်တတ်၊ သံစဉ်တေးသွားများလည်း စပ်တတ်၊ ဟတ်တတ်ကြသည်။ ထို့ပြင် ပန်းချီ၊ ပန်းပု၊ ရုပ်လုံးရုပ်ကြွစပ်ပန်းချီအတတ်များလည်း မျက်စိရေဝကာ ယဉ်ပါးနေသဖြင့် ကိုယ့်ဆိုင်ရာ ဆိုင်ရာ အလှပြယာဉ်တွေ၊ မဏ္ဍပ်တွေကို လက်စွမ်းပြကြသည်။

 

 

အမျိုးသားအသင်းဖြစ်စေ၊ အမျိုးသမီးအသင်းဖြစ်စေ၊ အသင်းတစ်သင်းဆီမှာ ထိုသို့သော အနုပညာဝါသနာခံရှိသူဦးရေ ၅၀ ဝန်းကျင်ရှိသည်ထား၊ အသင်းအဖွဲ့ပေါင်း ၂၀၀ တွင် လူတစ်သောင်းရှိသည်။ အမျိုးသားအသင်းဖြစ်စေ၊ အမျိုးသမီးအသင်းဖြစ်စေ၊ အသင်းတစ်သင်းဆီမှာ အနုပညာနှင့်ပတ်သက်၍ ကျွမ်းကျင်လိမ္မာသူ ၅ ဦးရှိသည်ထား၊ အသင်း ၂၀၀ တွင် လူ ၁၀၀၀ ရှိသည်။ အမျိုးသားအသင်းဖြစ်စေ၊ အမျိုးသမီးအသင်းဖြစ်စေ အသင်းတစ်သင်းဆီမှာ တစ်နှစ်လျှင် သီချင်းပုဒ်ရေ ၅ ပုဒ်ပဲပျမ်းမျှရှိသည်ထား၊ အသင်း ၂၀၀ တွင် တစ်နှစ်လျှင် သီချင်းပုဒ်ရေ ၁၀၀၀ ရှိသည်။ ကိုင်း … သင်္ကြန်တစ်နှစ်မှာပင် ရလာလိုက်သည့် အမျိုးသားအမွေအနှစ် အနုပညာပစ္စည်းတွေက နည်းနည်းနောနောမဟုတ် …။ ၁၉၃၀ ဝန်းကျင်မှသည် ၁၉၈၀ ဝန်းကျင် နှစ် ၅၀ အတွင်း မန္တလေးတစ်မြို့တည်းမှာပင် သင်္ကြန်ကြောင့် ရလာသည့် သီချင်းတွေ၊ ဂီတတွေ၊ သံချပ်တွေ၊ ပန်းချီတွေစသော အနုပညာပစ္စည်းတွေကို မှန်းဆသာကြည့်ပါ လေရော …။

 

တခြားမကြည့်ပါနှင့်၊ နာမည်ကျော် မြို့မအသင်းတစ်သင်းကိုပဲ ကြည့်ပါဘိ။ တစ်နှစ်လျှင် သီချင်းအသစ် ၅ ပုဒ်ပဲအနည်းဆုံးထား (တကယ်တော့ ၅ ပုဒ်နှင့် ၁၀ ပုဒ်ကြားရှိပါ၏။) နှစ် ၅၀ အတွင်း သင်္ကြန်သီချင်းပေါင်း ပုဒ်ရေ ၂၅၀ ရှိနေပြီလေ။ လွန်ခဲ့သည့် ၂ နှစ်လောက်ဆီက ရန်ကုန်မှ နာမည်ကျော် တေးစီးရီးထုတ်လုပ်သူတစ်ဦးက နှစ်စဉ်ရေပန်းစားနေသော သင်္ကြန်သီချင်းဟောင်းများ ဗီစီဒီထုတ်လုပ်နေမှုအပေါ် မီဒီယာကမေးမြန်းရာ … “သင်္ကြန်သီချင်း တွေမှာက ထုတ်စရာမရှိတော့ဘူး။ မန္တလေးက ဆရာတွေ မရေးနိုင်တော့ဘူးထင်တယ်” ဟူသော သဘောမျိုးဖြေကြားခဲ့သည်။ သူထုတ်တာအလွန်ဆုံးပုဒ် ၅၀ ရှိဦးမှာပေါ့။ သူမသိသော ဂန္ထဝင်သင်္ကြန်သီချင်းတွေက အများကြီးရှိသေးသည်။

 

ပြောစမှတ်လေးတစ်ခုရှိသည်။

 

အခုလို သင်္ကြန်နားနီးတစ်ရက်မှာဖြစ်မှာပေါ့။ ပိုမိုတိတိကျကျဆိုရလျှင် အခုလို သင်္ကြန်နားနီး တစ်ညသားဖြစ်မှာပေါ့။ လမ်း ၈၀ နှင့် ၁၅ လမ်း ဝန်းကျင် ကျုံးအတွင်းရေခပ်ရန်ခင်းထားသော တံတားလေးပေါ် ဖျာကလေးခင်းကာ ခေါင်းအောက်လက်ခု ပက်လက်အိပ်၍ ကောင်းကင်ပေါ်က ကြယ်တွေ ကြည့်ရင်း လူငယ်လေးနှစ်ဦးစကားပြောနေကြသတဲ့။ တစ်ဦးက မန္တလေးပန်းချီကျောင်းဆင်း၊ တစ်ဦးက မန္တလေးစိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသား…၊ သန်းခေါင်ကျော်မှောင်ထဲ မြောက်နားဆီက လူတစ်ဦးကလည်း လက်ထဲမှာပစ္စည်းလေး တစ်ခုကိုင်ပြီး လူသူတစ်ယောက်တစ်လေကို ရှာဖွေနေပုံဖြင့် ခပ်သုတ်သုတ် လမ်းလျှောက်လာသည်။  လူငယ်လေးနှစ်ဦးအိပ်ရင်း စကားပြောနေသော တံတားလေးနားအရောက် လမ်းလျှောက်လာသူက …“ဟေ့ .. ဘယ်သူတွေလဲကွ …” ဟု အသံပေးရင်း အနားကပ်လာတော့ “ဟာ … ဘယ်သူများလဲလို့၊ ပန်းထိမ်ဆရာပါလား …၊ ဘာလဲဗျ ..” ဟု ပြန်၍အသံပေးသည်။ “ဟာ .. သောင်းသောင်းနဲ့စိန်မောင်ဝင်းလား .. အတော်ဘဲ၊ ငါသီချင်းလေးတစ်ပုဒ်ရလာလို့ မင်းတို့နားထောင်ကြစမ်းကွာ ..၊ ငါ.. နားထောင်မယ့်သူလိုက်ရှာ နေတာ၊ တစ်ယောက်မှ မတွေ့လို့” ဟု လမ်းလျှောက်လာသော ပန်းထိမ်ဆရာဆိုသူက သူတို့ဘေးဝင်ထိုင်ရင်း ပြောသည်။ သူ့လက်ထဲက ပစ္စည်းလေးက တယောလေးတစ်လက်။

 

ထို့နောက် ပန်းထိမ်ဆရာက တယောကြိုးတွေကို ခပ်ကြမ်းကြမ်းညှိ၏။ အများတကာလို တယောကို မေးဖျားအောက်မညှပ်ဘဲ ဘယ်ဘက်ရင်ညွန့် နေရာထောက်သည်။ ဘိုးတံကို တယောကြိုးပေါ်တင်ပြီး ပွတ်အဆွဲ ချွဲနွဲ့နွဲ့သံစဉ်လေးအိအိညက်ညက်ထွက်ပေါ်လာ၏။ ပြီးတော့ သူ့နှုတ်ဖျားက သီချင်းတစ်ပုဒ် ပွင့်အန်ကျလာသည်။

 

ဤသို့ဖြင့် ယနေ့တိုင်နာမည်ကျော်ကြားနေသော “အိပ်မက်စေတမန်” သီချင်းလေး သူ့တယောဆီက လှလှပပ လွမ်းလွမ်းဆွတ်ဆွတ်ထွက်ပေါ်လာ သည်။ ထို့အတူ “မြူးမြူးကြွကြွ၊ လန်းလန်းဆန်းဆန်း၊ နှစ်ဦးကြိုလေပြီ၊ အေးမြအတာ၊ မြိုင်ဆိုင်မြိုင်ခိုင်” စသော သင်္ကြန်သီချင်းများနှင့်အတူ နဂါးမယ်ရေသဘင် သီချင်းနှင့် အခြားပြဇာတ် သီချင်းပေါင်း များစွာသည် ထိုပန်းထိမ်ဆရာ၏ တယောလေးဆီမှ ဖူးပွင့်ဝေဆာရနံ့ကြိုင်ခဲ့ပေပြီ။

 

ပန်းထိမ်ဆရာဆိုတာ …ဤသို့သော အနုပညာအသီးအပွင့်တွေဖူးပွင့်စေခဲ့သူ .. နုယဉ်ဦးသန်းကြွယ်။ ပန်းချီကျောင်းဆင်းလူငယ်လေးသောင်းသောင်း ဆိုတာ ယနေ့နာမည်ကျော် ဒါရိုက်တာ မောင်ယဉ်အောင်။ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား စိန်မောင်ဝင်းဆိုတာ ကွယ်လွန်သူစာရေးဆရာဝင်းစည်သူ၊ အာဂလူတွေချည်း …။

 

မန္တလေးမှာ တစ်ခေတ်တစ်ခါက အရပ်သားများထဲမှ အနုပညာသမားတွေ ခပ်များများထွက်ပေါ်ခဲ့တာ “သင်္ကြန်” ကြောင့်ဖြစ်သည်။ သင်္ကြန်သည် မိမိတို့ရင်တွင်းရှိနေသော အနုပညာဗီဇကို နိုးထစေသလို ပျိုးထောင်အညွန့် အညှောက်ထွက်ရှင်သန်ကြီးထွားရာ မြေသြဇာအပြည့်ရှိသည့် ပျိုးခင်းကြီးနှင့် တူသည်။ လွတ်လွတ် လပ်လပ် အယုတ်အလတ်အမြတ်မရွေးခံစားရေးဖွဲ့ ကွန့်မြူးနိုင်သည်။ ရှေ့က နောင်တော်၊ အစ်မတော်များ စပ်ဟပ်သီကုံး တီးမှုတ်ကခုန် ရေးဖွဲ့ကြတာကြည့်ရင်း အားကျမခံစိတ်ဖြင့် ညီငယ်၊ နှမငယ်များကလည်း အနုပညာမျိုးဆက်အမွေကို လက်ဆင့်ကမ်း ခံယူခဲ့ကြခြင်းဖြစ်သည်။ သုခုမအလုပ် သည် သဘင်သည်၊ ပညာသည်အလုပ်ဟု သီးသန့်ခွဲခြားမထား …။ အလွှာပေါင်းစုံလူတိုင်းစေ့က စိတ်ကြိုက်ခံစားဖန်တီးနိုင်သည့် ပတ်ဝန်းကျင်ဖြစ်ခဲ့၏။

ထို့ကြောင့် ယနေ့အထိတင်ကျန်ရစ်သော သင်္ကြန်သီချင်းတွေ၊ တီးလုံးတီးကွက်တွေကို ဖန်ဆင်းခဲ့ကြသူများက မျက်မှန်ကြီးတဝင်းဝင်း၊ ပေကြိုး ပခုံးတင်ကာ အထည်တွေညှပ်ကိုက်ချုပ်သော စက်ချုပ်ဆရာလည်းဖြစ်သည်။ အားချိန် မယ်ဒလင်တစ်လက်နှင့် ဂီတနှင့်အတူနေသည့် ဆံသဆရာလည်း ဖြစ်သည်။ ခြေနင်းဖားဖိုလေးနှင့် လက်ဝတ်ရတနာ ပစ္စည်းတွေပြုလုပ်နေသည့် ပန်းထိမ်ဆရာလည်းဖြစ်သည်။ ထို့အတူ ကျောင်းဆရာ၊ ဝန်ထမ်း၊ ဝပ်ရှော့သမား၊ ကျောင်းသား၊ ဆရာဝန်၊ ဈေးသည်၊ ပွဲစား၊ ကျူရှင်ဆရာ၊ ဖိနပ်ထောင်၊ နဏဃ လိုင်းမင်း၊ စာတိုက်ဗိုလ်၊ အပျော်တမ်းမီးသတ်သမား၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင် စသည့် အရပ်သားတွေဆီက အဖိုးတန်အနုပညာပစ်္စည်းတွေ တွင်တွင်ကျယ်ကျယ်ကြီး ထွက်ပေါ် ခဲ့သည်။

 

လွန်ခဲ့သော နှစ် ၅၀ ကျော်ကဖြစ်မည်။

 

အခုလိုရာသီမှာ ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်ကြီးတွင် သင်္ကြန်အတွက် သင်္ကြန်သီချင်းတွေ ကြိုတင် ရေးစပ်ကာ တီးလုံးတိုက်နေကြသည်။ အများဆုံးရေးစပ်သူက ဆရာမြို့မငြိမ်းဖြစ်မှာပေါ့။ ဒေါင်းရိုး ဦးရင်လေးလည်း ရေးစပ်မည်။ ဦးဘသိန်းလည်း အများအပြားရေးစပ်မည်။ တခြားပုဂ္ဂိုလ်တွေလည်း ရေးစပ်ကြမည်။ တစ်မြို့လုံး တီးလုံးမြိုင်မြိုင် တိုက်ကြကတည်းက ညနေစောင်းသည်နှင့် ကာလသား၊ ကာလသမီးတွေက အုပ်စုဖွဲ့ပြီး တီးလုံးတိုက် ကြသည့်နေရာအသီးသီးသို့ သွားရောက်ကြည့်ရှုကြသည်။ တစ်ဝင်းဝင် တစ်ဝင်းထွက်၊ တစ်ရပ်ဝင် တစ်ရပ်ထွက်၊ တစ်သင်းဝင် တစ်သင်းထွက် …

 

ထိုစဉ် ဓားတန်းရပ်က မြို့မအသင်းတိုက်ရောက်တော့ တီးလုံးတိုက်၍ ညက်နေသော သီချင်းတစ်ပုဒ်က ကြားရသူအပေါင်းရင်ထဲစွဲညိသွားစေ တော့၏။ အထူးသဖြင့် ၃၂ လမ်း ယွန်းတန်းရပ်က လှပျိုဖြူလေးတွေက ထိုသင်္ကြန်သီချင်းလေးကို တသသဖြစ်သွားကြသည်။

““သင်္ကြန်လေညှင်းလုလင် … မြူးရွှင်တော့လေ ..

ပိတောက်တွေထုံတဲ့ဝတ်မှုံ ဝတ်ဆံကြားတွေ …

ဝတ်ရည်တွေ ဆွတ်ဖျန်းလို့သာ ဖြတ်သန်းကာ ကြိုင်လန်းစွာ ..

ငွေငန်းကို ကြိုလာပါတော့တယ်လေ …

ဘယ်သူတွေ ထိုလေပြည်ကိုစေ …

ဟောဒီ ရေနန်းဗိမာန် .. ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ …”” တဲ့လေ။

ထိုစာသားလေးတွေက ညက်ညောလှပသော သံစဉ်နှင့်အတူ ရင်ထဲကတဆင့် နှလုံးသားထဲထိ စီးဝင်စွဲမြဲသွားသည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ပျိုတို့မောင်ကြီးတွေ လေပြည်လေညှင်းနှင့်အတူူ အရောက်လာမည့် “ရေနန်းဗိမာန်” ဆိုတာ မိမိတို့ ကိုယ်တိုင်ပင်ဖြစ်လိုက်ပါစေတော့ …။

 

သည်အတွေး သည်ဆန္ဒတွေ ယွန်းတန်းသူလေးတွေတိုင်း၏ ရင်ထဲမှာ “အု” သွားပြီမို့ .. အိမ်ရောက်သည်နှင့် တစ်စုတည်း တစ်ဝေးတည်း မတိုင်ပင်ကြရဘဲ အိမ်ရှိ ခုတင်ကြီးတွေ ထုတ်ကြသည်။ ပြီးတော့ ဆက်စပ်လိုက်ကြသည်။ သင်္ကြန်မဏ္ဍပ်တစ်လုံးစာ အကျယ်အဝန်းရတော့ အိမ်ကလူကြီး တွေကို ဖွင့်ဟအသိပေးလိုက်ပြီး ဝါးလုံးတိုင်နှစ်တိုင်ထူကာ ၆ ပေx၂ ပေအရွယ် ပိတ်စအရှည်၌ “ရေနန်းဗိမာန်” ဟူသော ပန်းချီစာလုံးအပ်နှံရေးဆွဲပြီး ဆိုင်းဘုတ်ထူလိုက်တော့၏။

 

ပိုက်ဆံရှိ၊ ခေတ်ပညာတတ် အချောအလှယွန်းတန်းသူလေးတွေ၏ ရေသဘင်အဖွဲ့က ထိုနှစ်သင်္ကြန်မှာ နာမည်ကြီးလှသည်။ ၃၂ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား အရောင်းအဝယ်ဖြစ်ထွန်းသော မြို့လယ်ရပ်ကွက်မို့ လူသိထင်ရှားစည်ကားလှသည်။ နာမည်ကျော် မြို့မအသင်းကြီးကလည်း ငွေငန်းရုပ်လုံးရုပ်ကြွအလှပြယာဉ်ကြီးနှင့် တူရိယာသံညက်ညောမြိုင်ဆိုင်စွာ …

 

“ဟောဒီ ရေနန်းဗိမာန် …

ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ …

နှစ်ဦးဂီတလက်ဆောင် … ပျော်အောင်လေ .. တာဝန်ကျေ

လှပေါင်းခတဲ့တို့မေ … လှပေါင်းခတဲ့တို့မေ …

လောင်းမှာလား .. သင်္ကြန်ရေ .. ရွှဲအောင်လောင်းမေ မာပါစေ …” ဆိုတော့ သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်လေးရက်စလုံး စပ်ဟပ်လိုက်ဖက်ထင်ရှားကျော်ကြားသွားတော့၏။

 

ဤသို့ဖြင့် … အစဉ်အလာကြီးမားလှသော မန္တလေးသင်္ကြန်တိုင်းတွင် “ရေနန်းဗိမာန်” က ဆင်နွှဲခဲ့လေရာ .. မှတ်မှတ်ရရ ပြောစမှတ်ပြုရအောင် ဂန္ထဝင်တွင်ခဲ့လေပြီ …။

 

သင်္ကြန်လေညှင်းလုလင်ကား … လည်တဆန့်ဆန့် ခေါင်းတမော့မော့ဖြင့် နှစ်စဉ်မပျက် ပျော်ခဲ့ပါလေ၏။

“ရေနန်းဗိမာန်” … ဘယ်ဆီမှာလဲလေ …။

အခုတော့ ငွေငန်းလည်း အထီးကျန် ….။

နှစ်ဦးဂီတလက်ဆောင်တွေလည်း … ဝေး …။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #နှစ်ဦးဂီတလက်ဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW