ပြည်တော်ဝင်သင်္ကြန်

 

 

ဆူးငှက်

” မန်းသူနွဲ့မူ နုယဉ်ယဉ်တွေလန်းပါစေ ….

ခါရေလောင်း ညှာကြွေပြောင်းပေါ့ ခင်ရယ်၊

အေးစေတော့ဆိုလောင်းတဲ့ စိတ်ရင်းပင် ….၊

အဟုတ်ပ နှမလေးအသွင်…

အလှဘုရင်တွေ သူတို့ကိုယ်တိုင်လောင်းကြမှာမို့

မငြင်းသာပြီဘု ရွှေမန်းမြို့မမောင်တို့သင်္ကြန်တော်တွင် ….”

 

နိုင်ငံရေးဒီရေအမြင့်ဆုံး ၁၃ဝဝ ပြည့်နှစ် (၁၉၃၉ ခုနှစ်)သင်္ကြန်တွင်လည်း အမြော်အမြင်ရှိသော မြို့မိမြို့ဖများနှင့် ပညာရှင်များ ကိုယ်တိုင်  ကိုယ့်ခြေကိုယ့်လက်ဦးစီးဆောင်ရွက်ခဲ့ကြခြင်းဖြင့် မန္တလေး၏အထင်ကရကျုံး၊ မြို့ရိုး၊ ပြာသာဒ်များရှေ့မှစတင်ကာ မဟာမုနိ ဘုရားကြီးသို့ ဦးခိုက်ကန်တော့ခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ခဲ့ကြသည်။ ကိုယ့်ရေ၊ ကိုယ့်မြေတွင် ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့် ကိုယ့် ဘာသာ၊ ကိုယ့်သာသနာအပေါ် အမွန်အမြတ် အလေးထားသည့် ဝံသာနုစိတ်ဓာတ်ကို ထင်ရှားစေခဲ့သည့်သာဓကတစ်ခုဖြစ်သည်။

 

ဘာသာတရားကိုင်းရှိုင်းသော၊ ဒိုးတူဘောင်ဘက်လက်ရည်တပြင်တည်းစိတ်ဖြင့် ညီညွတ်ချစ်ခင်သော၊ ခိုင်မာခံ့ထည်သည့် ရိုးရာ ယဉ်ကျေးမှုအမွေကို ခုံမင်မက်မောသော၊ တင်းတိမ်ရောင့်ရဲသည့်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားပြည့်ဝသော မြန်မာ့စိတ်ရင်းစေတနာများ ထင်ရှားပေါ်လွင်ခြင်း အစုအဝေးတည်ရာ မန္တလေးသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပျော်ရွှင်ကြည်နူးစေခြင်းကို ဖော်ဆောင်သည့် သင်္ကြန်ပွဲ တော်များကို ဤသို့ဖြင့် အဓိပ္ပာယ်ရှိစွာ တစ်နှစ်တစ်ကြိမ်ရှားပါးစွာပွင့်သော ပိတောက်နှင့်အတူ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲ…..ဆင်နွှဲ၊ …..ဆင်နွှဲ၊ …..ဆင်နွှဲနေရင်း….။

 

၁၉၄ဝ ကျော်ခုနှစ်များတွင် ကမ္ဘာကြီးက နိုင်ငံရေးချိန်ခွင်လျှာတွေယိမ်းထိုးလာသည်။ နေမဝင်အင်ပါယာဟု ကမ္ဘာမှာ ကြွေးကြော်ထား သည့် အင်္ဂလိပ်တို့၏ အားအကိုးရဆုံးစင်ကာပူခံတပ်ကြီးက (၁၅.၂.၄၂)တွင် ကျသွားသည်။ မြို့တော်ရန်ကုန်ရှိ အင်္ဂလိပ်အာဏာပိုင်တွေ ရုတ်ချည်းအထက်သို့ဆုတ်ခွာကြသည်။ မတ်လ (၈)ရက်နေ့တွင် ရန်ကုန်က ထိန်းသိမ်းမရအောင်ချောက်ချားသွားပြီ….။ ရန်ကုန်မှ အထက်သို့ ထွက်ခွာမည့် မီးရထားတိုင်းမှာ ရရာပစ္စည်းဆွဲငင်ယူဆောင်ကာ မျက်စိမျက်နှာပျက်နေသည့် စစ်ပြေးတွေနှင့်ချည်း ပြည့်ကျပ်နေသည်။  သူတို့ အားလုံးမှာ ရန်ကုန်က ဆုတ်ခွာဖို့သာအဓိက …၊ ဘယ်ဆီဘယ်ဝယ်သွားရမည်ဆိုတာမသိ။

 

 

မန္တလေးဘူတာကြီးမှာလည်း ရန်ကုန်ကလတ်တလောရောက်လာသော စစ်ပြေးများဖြင့် ပျားပန်းခတ်နေ၏။ ဘူတာကြီးအနောက် ခြမ်း၊ တရုတ်တန်းနှင့်ဈေးချိုအကြားလမ်းတွေပေါ်မှာ စစ်ပြေးတွေနှင့်ချည်း ရှုပ်ထွေးနေသည်။ ရန်ကုန်က အစိုးရရုံးချုပ်တွေက မန္တလေးရုံးတွေနှင့် လာပေါင်းကြပြီ။ ရန်ကုန်မှာ အုပ်ချုပ်ရေးယန္တယားပျက်သွားပြီ။ ယုတ်စွအဆုံး ရန်ကုန်ရှိ မီးသတ်စက်ကြီးပင် မန္တလေးရောက်လာ၏။ ထိုအချိန်က မန္တလေးမှာ အစစပစ္စည်းတွေရှားပါးဈေးတက်သွားသော်လည်း မနက်လင်းသည်နှင့် မကြားချင်အဆုံး အပေါများဆုံးပစ္စည်းက ကောလာဟလများချည်းဖြစ်သည်။ ထိုစဉ်က မန္တလေးမှထုတ်ဝေသည့် သတင်းစာများကလည်း ကောလာဟလများကို မယုံကြည်ကြဖို့၊ ”မန္တလေးမြို့ကြီး ကောင်းမွန်ငြိမ်းချမ်းလျက်ရှိကြောင်း၊ ရှေ့အဖို့တစ်စုံတစ်ရာဖြစ်မည့် နိမိတ်လက္ခဏာလည်း ယခုအချိန်အခါအထိ အရိပ်အြ>ွမက်မျှ စဉ်းစားတွေးတော၍မရနိုင်အောင်ရှိကြောင်း” ရေးသားဖော်ပြခဲ့သည်။ (မန္တလေးသူရိယ – ၁ဝ.၃.၄၂)။ ဤသတင်းပါပြီး တစ်ပတ်၌ပင် ဂျပန်လေယာဉ်တစ်စီးက မန္တလေးကိုစ၍ ဗုံးကြဲသည်။ နောက်…ရက်သတ္တပတ် ၃ ပတ်မျှမပြည့်မီ ဧပြီ (၃)ရက် သောကြာနေ့၌  ဂျပန်လေယာဉ်(၈ဝ)နီးပါးက မန္တလေးတစ်မြို့လုံးပတ်စိတ်တိုက်ဗုံးကြဲတော့သည်။

 

 

တစ်မြို့လုံးလည်း ဗုံးဒဏ်ရာများဖြင့်ပလပွ…။ အက်ကွဲ…၊ မီးလောင်၊ ပြိုကျ….၊ ပြာပုံ …။

ကြည့်လေရာရာ ….၊ ဗုံးဆံ … ဗုံးခွံတွေချည်း …..။

 

xxx                                       xxx                                       xxx

 

(က)

 

….မြစ်မင်းဧရာ ခွေကာဝိုင်းလို့

စစ်ကိုင်းအောင်ချာမြေ၊

ရေလှိုင်းလေးတွေ သွင်သွင်မြူးတော့

ငွေရောင်ဖြူးကာနေ …

ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့

မြစ်တွင်းသာယာပေ ….

 

 

တယောသံနွဲ့နွဲ့နှင့် သီချင်းသွားလေးတငြိမ့်ငြိမ့်ထွက်ပေါ်လာ၏။ သည်နေ့မှပဲ သပြေညွန့်တွေဝေနေသည်။ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ချောင်တိုင်း၊ ကျောင်းတိုင်း၊ ဇရပ်တိုင်းမှာ မန္တလေးမှ စစ်ပြေးများဖြင့် ပြည့်နေ၏။ ဘုရားဆင်းတုတော်တိုင်း၊ ပုထိုးလိုဏ်တိုင်း၊ စေတီတိုင်းမှာ အမြောက်ဆံ၊ စိန်ပြောင်းဆံများမှတဖြစ်လဲကြေးညောင်ရေအိုးကြီးများတွင် သပြေပန်းတွေဝေနေသည်။ ဝေနေသောသပြေများနှင့်အတူ စစ်ပြေး မန္တလေးသားတွေမျက်နှာမှာ ပြုံးရိပ်လဲ့လဲ့ဝေနေ၏။ စစ်ကြီးကြောင့် မြို့ကိုစွန့်ခွာခဲ့ကြရပြီး စစ်ကြီးကြောင့် အိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းကြီးတွေ နှင့်အတူ တစ်သက်လုံးတသသဖြစ်ခဲ့ကြရသော ရွှေနန်းတော်ကြီးအပါအဝင် ကျုံး၊ မြို့ရိုး၊ ပြာသာဒ်များမီးလောင်ပျက်စီးပြာကျကုန်ပြီဟူသော သတင်းကြောင့် ဝမ်းနည်းပက်လက်ဖြစ်ရသလို အခု … ဖက်ဆစ်ဂျပန်တွေကို မြန်မာ့တော်လှန်ရေးအင်အားစုနှင့် မဟာမိတ်များက ပူးပေါင်း တိုက်ထုတ်နိုင်ပြီဆိုသည့် သတင်းကြောင့်ဝမ်းမြောက်ရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့(မြန်မာ့)တပ်မတော်၊ တိုးတက်သော လူငယ်များစုဝေးသည့် ကွန်မြူနစ်ပါတီနှင့် ပြည်သူလူထုပူးပေါင်းကာ ၁၉၄၅ ခု မတ်လ (၂၇)ရက်နေ့ကို လျှို့ဝှက်ရက်သတ်မှတ်ကာ ဂျပန်ကို တော်လှန်ရန်စီစဉ်ခဲ့ကြသော်လည်း စစ်ပရိယာယ်နှင့်အခြေအနေအရ ဗိုလ်မှူးဗထူးဦးဆောင်သော အထက်မြန်မာပြည်တော်လှန်ရေးအင်အားစု များက မတ်လ (၈)ရက်နေ့ကတည်းက တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်၏။

 

ထို့ကြောင့် မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့တွင်း၌ ရန်သူတစ်ယောက်မျှမကျန်တော့ကြောင်း ကြေငြာနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကြားသည်နှင့် စစ်ကိုင်းတောင်ရိုးပေါ်မှ မန္တလေးသားစစ်ပြေးများအားလုံး ပြုံးပျော်သွားကြသည်။ ပြန်ရတော့မည်လေ ….။

 

 

ဝမ်းသာကြည်နူးမှုဖြင့် ခေါင်းလောင်းတွေသံပြိုင်ထိုးလိုက်ကြ၏။

အောင်သပြေပန်းတွေကို ကြေးအမြောက်ဆံအခွံညောင်ရေအိုးမှာဝေနေအောင် ထိုးလိုက်ကြပြန်သည်။ သပြေပန်းများ၏ ညိုနုသွေး ရွက်နုတွေမှာ ရေအေးရေစက်များသီးနေသည်။ တရုတ်စကားပင်များကြားမှ နေခြည်တန်းက ညောင်ရေအိုးဆီပြေးဆင်းလာ၏။ သပြေရွက်ပေါ် ရေစက်ရေပြောက်များက နေခြည်နှင့်အတွေ့ စိန်ပွင့်အသွေးတလက်လက်….။

 

 

xxx                                       xxx                                       xxx

 

(ခ)

 

နေခြည်နှင့်အတွေ့ စိန်ပွင့်အသွေးလက်သွားသည်။ ကလေးတစ်ယောက်တစ်ဖက်နီးပါးရှိသည့် ဒန်ညောင်ရေတကောင်းတွင် သပြေပန်း တွေဝေနေသည်။ သပြေရွက်များ၌ အေးစိမ့်ဧရာဝတီရေစက်များသီးနေသည်။ သပြေရွက်ပေါ်မှ ရေစက်များမှာလည်း စိန်ပွင့်တလက်….။ ဟို….မြစ်ပြင်မှာလည်း လှိုင်းကြက်ခွပ်လေးတွေတလက်လက်….။ နွေဦးပေါက် မြူထဲမှာ အင်းဝတံတားကြီးက ကျိုးပြတ်….။ စစ်ကိုင်းဘက်ကမ်းမှ သံမဏိဂုံးကြီးတွန့်လိန်ကောက်ကွေးကာ ကျိုးပြတ်ပြီး မြစ်ရေသောက်နေ၏။

 

၁၉၄၅ ခု မတ်လ (၂၃)ရက်….။ ၁၃ဝ၆ ခု နှောင်းတန်ခူးလဆန်း (၁ဝ)ရက် သောကြာနေ့။

 

စစ်သုံးလက်ကျန်ထရပ်ကားကြီးတစ်စီး၏ ခေါင်းပေါ်မှာ သပြေပန်းတွေနှင့် ညောင်ရေတကောင်းကြီးတင်ကာ ရရာကြိုးများနှင့် စည်းနှောင်လိုက်ကြသည်။ ထို့နောက် စံရွေးဘူတာရုံလေးဘေးမှ ထောင်ထားသော ပျဉ်ချပ်တစ်ချပ်ကိုယူကာ ရရာထုံးခဲရေဖျော်ပြီး ‘မြို့မ ဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်းကြီး’ ဟု ရေးသားလိုက်သည်။ ကားခေါင်း ညောင်ရေအိုးအောက်ချိတ်ဆွဲချည်နှောင်လိုက်ကြပြန်၏။

 

စံရွေးဆိပ်မှာနောက်ထပ်ကူးတို့တစ်စီး စစ်ကိုင်းဘက်က ဆိုက်လာသည်။ ကိုယ့်အိမ်ကိုယ့်ရာပြန်ကြမည့် စစ်ပြန်များက ကမ်းပေါ်အလု အယက်ပြေးတက်ကြသည်။ နွားလှည်းတွေငှားကြ…။ ကြိုကြ…၊ ရရာလှည်းများကို မြင်းများ၊ နွားများအစားကိုယ်တိုင်ပခုံးလျှိုထမ်း၍ ကလေးတွေ၊ လူကြီးသူမတွေတင်ကာ ဆွဲကြတွန်းကြ….၊ စံရွေးဘူတာအားအုပ်ဆိုင်းထားသည့် လက်ပံပင်ကြီးများက ပျားပန်းခတ်နေသော လူအုပ်လူတန်းကြီးကိုကြည့်ကာ ပင့်သက်ချလိုက်သည်။ စိတ်ချကျေနပ်သည့်သဘော….။

ဂေါက်တံကိုအားနှင့်လှည့်သည်။ တစ်ယောက်လက်ပန်းကျတော့ တစ်ယောက်ကူသည်။ ဗလတောင့်တောင့်လူတစ်ယောက်က အားစိုက်လှည့်လိုက်တော့….. ချောင်းတဟွပ်ဟွပ်ဆိုးပြီး ကားအင်ဂျင်ကနိုးသွားသည်။ သပြေပန်းတွေက ညောင်ရေအိုးနှင့်အတူ လှုပ်ရမ်းသွား၏။ စိန်ပွင့်များယောက်ယက်ခတ်……။

 

အားလုံးက ဟေးခနဲညာသံပေးပြီး ကားပေါ်ပြေးတက်ကြသည်။ ကားဘော်ဒီအား သစ်သားချောင်းများဖြင့် တဘုံးဘုံးရိုက်ရင်း ‘ဘေးကို….ဘေးကို’ ဟု အော်ရင်း လမ်းရှင်းရသည်။ အိပ်ဇောငွေ့ကြောင့် ဖုန်လုံးကြီးလိမ့်တက်သွားသည်။ ကားပေါ်မှ မယ်ဒလင်သံ၊ တယောသံ များဖြင့် တီးလုံးအတောတစ်ပိုဒ်အသံက ဂီယာပြောင်းအပြီး စက်သံအညက်မှာ ပီပီသသပေါ်ထွက်လာသည်။ ကားပေါ်ပါလာသူအားလုံးက လက်ခုပ်သံပြိုင်တီးကာ သီချင်းတစ်ပုဒ်ကို သံပြိုင်သီဆိုလိုက်ကြသည်။

 

”ချစ်ခင်ကြတဲ့အားလုံးမိတ်ဆွေ….

နေ့တိုင်းပဲ သတိရကာနေ….

ကျုပ်တို့မြို့မအသင်းသားများတစ်တွေ

တောင်ရိုးတန်း စစ်ကိုင်းဖက်မှာနေ၊

ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ….

ရွှေမန်းသူတွေမေးလိုက်သံတွေ….

ကျန်းမာကြပါရဲ့လို့ မြို့မမောင်တွေ….

ရွှေမန်းသူမေ ပြောလိုက်ပါလေ…

စစ်ကိုင်းမှာပဲ စိတ်ကစွဲနတ်ပြေ (ပြည်)…၊

တစ်ခါတလေတော့ မျှော်ကာမှန်း…..

လွမ်းမိတဝေဝေ….

ပြန်ချင်ဇောတွေ၊ ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ….”

 

သီချင်းသံကြောင့် လမ်းပေါ်မှ လူများလမ်းဘေးဆင်းကာ သီချင်းသံကြားရာနောက်လှည့်ကြည့်ကြသည်။ ပြီးတော့ ‘ဟေး’ ခနဲ အော်ကာ လက်ခုပ်လက်ဝါးတီးကြ၏။ ရွှေကြက်ယက်ခြေတော်ရင်း အုတ်လှေကားတွင် အထုပ်အပိုးချကာထိုင်နားနေကြသူတွေလည်း မတ်တပ် ရပ်လည်ဆန့်ကြသည်။

 

ပတ်ဝန်းကျင်ရှိ မရန်းခြံအုပ်အုပ်ဆိုင်းဆိုင်းကြီးတွေထဲထိ လူသံ၊ သီချင်းသံတွေပျံ့လွင့်နေသည်။ ဘေးဘော်ဒီကို စည်းချက်ချရိုက် ခတ်သံနှင့်အတူ သီချင်းသံက ပိုမိုကျယ်လောင်လာသည်။

 

”အခါတော်ရောက်ချိန်နီးလို့လာပြီလေ၊

ဒေါ်ဒေါ်မမ…နှမတို့ရေ….

အသည်းစွဲချစ်မိတ်ဆွေ….

ခေတ္တခွဲလို့နေ…

မြို့မနဲ့အတူတကွ လိုပ်ပါနိုင်စေ…

အောင်စည်ရွန်းသံ ကြားရပြီထင့်

ပြည်တော်ဝင်မယ်လေ….”

 

လမ်းနဘေးမှ လူများကလည်း သံပြိုင်ထပ်ကျော့အပိုဒ်တွင် ရှင်းလင်းရလွယ်သော စကားလုံးစာသားများကြောင့် ချက်ချင်းလိုက်ပါ သီဆိုကြ၍ အုံးကျွတ်ကျွတ်ညံနေ၏။

 

ဟုတ်သည်… မကြာမီ သင်္ကြန်ကျတော့မည်။ ဘိုးဘွားစဉ်ဆက်ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ရသော သင်္ကြန်ပွဲတော်ကြီးနှင့်ပြန်ဆုံရတော့မည်။ သုံးနှစ်ဆိုသောကာလသည် ကြာလွန်းလှချည့်ဟု ထင်မိ၏။ ဖိနှိပ်ကွပ်ညှပ်သော အုပ်စိုးမှုအောက်တွင် သုံးနှစ်ဆိုသော အချိန်က ကြာလွန်းလှ သည်။  လွတ်လပ်မှုတွေဝေးခဲ့သည်။ ကိုယ်ချင်းစာတရားတွေကင်းမဲ့သည်။ ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ်လွှမ်းမိုးခဲ့သည်။ ကိုယ်ကျိုးအတ္တက ကြီးလွန်းသည်။ ပျော်ရွှင်မှုများဆိတ်သုန်းခဲ့၏။ ဟော…အခု .. ဒါတွေအားလုံးအတိတ်မှာကျန်ခဲ့ပြီ….။ ထို့အတူ ဒဏ်ရာဒဏ်ချက်များကလည်း ပစ္စက္ခမှာ ကျန်ခဲ့ဆဲဖြစ်သည်။ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်မြို့ကိုယ့်ရွာကား… စစ်ကြောင့် ပြာပုံ…။ ကွဲအက်၊ မီးလောင်၊ ပြိုကျ…၊ ပြာပုံ….။

 

လော်ရီကားကြီးက မန္တလေး-ရွှေဘိုကတ္တရာလမ်းမပေါ်ရောက်တော့ အရှိန်ရလာသည်။ သို့သော် လမ်းဘေးတစ်လျှောက် ‘ပြည်တော်ဝင်’ လူအုပ်လူတန်းကြီးကြောင့် ဘီးလှိမ့်ရုံလှိမ့်နိုင်၏။ အသံတွေပြာနေသော်လည်း သီချင်းသံက မနားသေး ….၊ ပိုလို့ပင် ဟိန်းလာသည်။

 

”မန္တလေးဆို…ရွှေမြို့၊ တို့ရတနာပုံနေပြည်….၊

တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ….၊

အဲဒါတွေမတွေးကြနဲ့၊ ရှေ့ဆက်ကာ စီမံကြစို့လေ….၊

မေ့မေ့ပျောက်ပျောက်၊ အောက်မေ့လို့နေ…

တိုက်တာအိမ်ခြေ၊ စည်းစိမ်ရှင်တွေ၊

လူကြံရင်ခံနိုင်ဘူး၊ အထူးပင်မှတ်ကြစေ….၊

အရင်လိုပျော်ပျော်ရွှင်ရွှင်နေ…၊ မြို့မအသင်းက ပြောမလေ

ဖြစ်ဟဲ့ဆို….ဖြစ်ရမယ်ပ…

တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေ….” တဲ့။

ထိုနှစ်က မတ်လ (၂၃)ရက်နေ့ကတည်းက သင်္ကြန်ကျသွားသည်။  စံရွေးဘူတာဆိပ်ကမ်းမှ အမရပူရမြို့ကိုဖြတ်ကာ မန္တလေးမြို့ တွင်းအထိ အေဝမ်းဆရာညှာရေးသားသော ‘ပြည်တော်ဝင်’ သီချင်းဖြင့် ကျော့ကာကျော့ကာ သီဆိုတီးမှုတ်ဝင်ရောက်ခဲ့သော မြို့မအသင်းနှင့်အတူ မန္တလေးသားများ သင်္ကြန်ကျခဲ့သည်။

 

သင်္ကြန်အဆက်ဆက်…. ဦးညွှတ်အရိပ်ခိုခဲ့ရသော မန္တလေးကျုံး၊ မြို့ရိုး၊ ပြာသာဒ်တို့ကား စစ်ဒဏ်ကြောင့် မမှတ်မိလောက်အောင် ပျက်စီးဆုံးရှုံးခဲ့ပြီ။ သင်္ကြန်အကြိုနေ့တိုင်း ဦးခိုက်ပူဇော်ခဲ့သော မဟာမုနိဘုရားကြီးကား ရဟန်းပျိုများနှင့် လူထုက ကာကွယ်ခဲ့၍ မပျက်မစီး ရှိခဲ့ငြား ဂန္ဓကုဋီတိုက်ကြီးက စစ်မီးခိုးမှိုင်းများဖြင့် မည်းနေ၏။

 

‘မန္တလေးဆိုရွှေမြို့၊ တို့ရတနာပုံနေပြည်….

တင့်တယ်သာယာစည်ကား၊ ဟိုတုန်းအခါကလေ၊

အဲဒါတွေမတွေးကြနဲ့၊ ရှေ့ဆက်ကာ စီမံကြစို့လေ….’ ဟု ဆိုသည့်အတိုင်း အနိဋ္ဌာရုံတွေကို မတွေးတောဖယ်ရှားကာ ပြာပုံထဲက ကြာပွင့်ပေါက်စေရမည်ဟု မန္တလေးသားများက သန္နိဋ္ဌာန်ချလိုက်သည်။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ပြည်တော်ဝင်သင်္ကြန် #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW