အောက်တိုဘာ ၁၃၊ ၂၀၂၅။
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့ နမ္မတူမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် လားရှိုးမြို့ကို တိမ်းရှောင်နေကြသူ တထောင်ကျော်အတွက် စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
သီပေါမြို့နယ်အတွင်းမှာ ဩဂုတ်လဆန်းပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာလို့ မြို့ခံတွေ လားရှိုးကို ပြောင်းရွှေ့လာြကပါတယ်။
အလားတူ နမ္မတူမြို့နယ်အတွင်းမှာလည်း စက်တင်ဘာလကုန်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်လာတာကြောင့် မြို့ခံတွေ လားရှိုးမြို့နယ်အတွင်းကို ရွှေ့ပြောင်းလာကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
“သီပေါက အခုမြို့နားတိုက်ပွဲရောက်တော့ ထပ်ပြေးလာကြတာရှိတယ်။ အရင်လာတဲ့သူတွေကတော့ ကြာပြီ နှစ်လလောက်ရှိပြီဆိုတော့ အကူအညီရခဲ့သေးတယ်။ အခု နမ္မတူဘက်က ရောက်လာတဲ့သူတွေကြတော့ သိပ်အကူအညီမပေးနိုင်ကြတော့ လိုအပ်ချက်တွေ များလာတယ်” လို့ လားရှိုးမြို့က ဒုက္ခသည် ကူညီရေးဆောင်ရွက်ပေးနေသူ တယောက်က ပြောပါတယ်။
နမ္မတူမြို့မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် မြို့ခံတွေ ထပ်ပြီး တိမ်းရှောင်နေတုန်းပဲလို့ နမ္မတူမြို့ခံ တယောက်က ပြောပါတယ်။
“နမ္မတူက လူတွေက လားရှိုးအထိတော့ မဟုတ်ဘူး။ မြို့ပြင်ရွာတွေမှာ နေကြတာပေါ့။ အကူအညီကတော့ သိပ်မရပါဘူး။ ရှိတာနဲ့ပဲ အဆင်ပြေသလို စုပြီးစားကြတာ။ တချို့ ထပ်ထွက်လာကြသူတွေရှိတယ်” လို့ ကိုယ်တိုင်စစ်ရှောင်နေရတဲ့ နမ္မတူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
လားရှိုးနောင်လိုင်ရွာမှာ နမ္မတူက ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၅၃၀ ဝန်းကျင်ရှိပြီး မြို့ပေါ်ရပ်ကွက်နေရာနှစ်ခုမှာ သီပေါနဲ့ နမ္မတူက လူဦးရေ ၅၀၀ ကျော်ကို နေရာချထားပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရပ်ကွက်တွေထဲမှာ သီးသန့်အိမ်ငှားနေသူတွေလည်း ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဆန်၊ ဆီနဲ့ စားသောက်စရာတွေ ရက်ပိုင်းလောက်အတွက်သာ ကျန်တော့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့အတွက် ဒုက္ခသည်အရေး ကူညီပေးနေသူတွေက တိုက်တွန်းနေကြပါတယ်။
ပုံ- လာရှိူးရောက်စစ်ရှောင်မိသားစု
