လမ်းပိတ်ထားလို့ ကသာစစ်ရှောင်တွေ မြို့ကိုပြန်ဝင်ဖို့ အခက်ကြုံနေသလို ကုန်စည်စီးဆင်းမှုပြတ်လို့ စျေးတက်နေ

ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ စစ်ရှောင်သွားသူတွေထဲကမှ မြို့ကိုပြန်လည်ဝင်ရောက်လိုသူတွေ ရှိပေမယ့် ကုန်းလမ်းကြောင်းမဖွင့်သေးတဲ့အတွက် ရေလမ်းခရီး ၊ ကျေးရွာဘက်တွေကနေ ဝင်ရောက်ဖို့ကြိုးစားရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ကသာမြို့ဒေသခံတွေဟာ မြို့တိုက်ပွဲဖြစ်ပွားပြီးလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကို‌ စိုးရိမ်ကြတဲ့အတွက်ဒီဇင်ဘာလကုန်ကတည်း နေရပ်စွန့်ခွါလာကြသူ​တွေဟာ အခုဆိုရင် နှစ်လကျော်ကြာရှိလာပြီဖြစ်တာကြောင့် စားသောက်နေထိုင်ရေး အခက်အခဲတွေများလာပြီး မကြာခင်မှာ မိုးတွင်းကာလကိုရောက်တော့မှာ ဖြစ်လို့ နေရပ်ကိုပြန်နိုင်ရေးအတွက် ကြိုးစားနေကြတာမှာ အခက်အခဲ​တွေရှိ​နေတယ်လို့ သိရပါတယ်။
” သူများမြို့ရွာမှာ နေထိုင်စားသောက်စရိတ်နဲ့ မိသားစုနဲ့ အိမ်လခနဲ့ ဘယ်လိုမှနေလို့မရလို့ ပြန်ချင်တာပါ။ ဒါကိုနားလည်ပေးကြဖို့ အတွက်ပါပဲ။ပြည်သူတွေကိုကာကွယ်တယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကိုလည်းအလေးထားပေးကြပါ။ ” လို့မော်လူးမြို့ဘက်ကိုစစ်ရှောင်လာတဲ့ ကသာမြို့ဒေသခံ ကဆိုပါတယ်။
ကသာမြို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရေကြောင်းလမ်းကနေ ဝင်ရောက်နေထိုင်ဖို့ကြိုးစားရာမှာ ကျေးရွာအုပ်ချုပ်ရေး နဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ကျေးရွာဒေသခံတွေ ပိုင်တဲ့စက်တပ်လှေငယ်တွေကို သယ်ယူပို့ဆောင်ရေးပြုလုပ်မှာစိုးတဲ့အတွက် မော်တော်စက်များဖြုတ်သိမ်းထားတယ်လို့ သိရပါတယ်။
” ကိုယ့်အိမ်ကိုကိုယ်ပြန်ချင်ပါတယ်။သူများမြို့ရွာမှာသူများတွေလည်း သူများဒုက္ခနဲ့။ အခုအခါက ဘယ်သူမှအဆင်ပြေနေကြတာမဟုတ်တော့။တိုက်ပွဲလည်း အခုလိုအနေအထားဆိုရင် တော်လောက်ပါပြီ။ ပြန်ခွင့်ပေးပါလို့ပဲ ပြောချင်ပါတယ်။ “လို့ မိုးညှင်းမြို့ ရောက်နေတဲ့ စစ်ဘေးရှောင် ကသာဒေသခံကဆိုပါတယ်။
ကသာမြို့ကို ပြန်လည်နေထိုင်နိုင်ရေးအတွက် PDF တွေအနေနဲ့ နဘား၊အင်း‌တော်၊ကသာမြို့ဝင် လမ်းမကြီးကို သွားလာခွင့်ဖွင့်ပေးစေလိုကြောင်း ၊ လက်ရှိမှာတော့ နေရပ်ပြန်ဝင်ကြမယ့် ကသာမြို့ခံတချို့ဟာ အဆိုပါ လမ်းမကြီးဘေးရှိ နီးစပ်ရာနေရာတွေမှာ စုဝေးစောင့်ဆိုင်း နေထိုင်နေပြီး လမ်းမကြီးပြန်ဖွင့်မယ့် ရက်ကို စောင့်မျှော်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကသာကိုဝင်ရောက်နိုင်တဲ့ ကုန်းလမ်းကပိတ်ထားဆဲဖြစ်ပြီး ရေလမ်းကြောင်းကနေ ဝင်ရောက်ရာမှာလည်း လူတယောက်ချင်းသာ ဝင်ခွင့်ပြုထားပြီး အထုတ်အပိုး ၊ ကုန်ပစ္စည်း တွေ သယ်ယူခွင့် မပြုထားဘူးလို့ ကသာမြို့ခံဆီက သိရပါတယ်။
” ဝင်လာတာတော့ရှိတယ်။ ကားတွေဘာတွေနဲ့တော့မရဘူး ။မော်တော်နဲ့ဝင်မလား ရွာတွေဘက်ကပတ်ဝင်မလားပေါ့။ အထုတ်အပိုးတွေ ၊ပစ္စည်းတွေနဲ့ဆိုမရဘူး ။ကျောပိုးအိတ်တအိတ်လောက်နဲ့ပဲ ဝင်လို့ရမယ်။ပစ္စည်းက ဘာမှသယ်လို့မရဘူး ။စက်လှေနဲ့လည်းမရဘူး ။ ဆန်ဆီဆား ပစ္စည်းဘာမှမရဘူး ။တောလက်နက်ကိုင်တွေက သယ်ခွင့်မပေးတာ ။ ” လို့ ကသာမြို့ခံ တယောက်က ပြောပါတယ်။
ကသာမြို့ကို ကုန်ပစ္စည်း သယ်ယူတင်သွင်းခွင့် ပိတ်ထားတဲ့အတွက် ဆန်အဝင်ပြတ်ပြီး ဧရာမင်း နဲ့ ချင်းသုံးဆန်က တပြည်ကို ၆၀၀၀ ကျပ်ဝန်းကျင် ၊ ပေါ်ဆန်းမွှေးက တအိတ်၂၇၀၀၀၀ ကျပ်ရှိကြောင်း ၊ စက်သုံးဆီက တဂါလံကို ၄၀၀၀၀ နီးပါးရှိပြီး ကြက်ဥတလုံး ၁၅၀၀ ကျပ်ရှိတယ်လို့ သိရပါတယ် ။
ကသာမှာ လက်ရှိလည်း မြို့အစွန်အထွက်ဘက်တွေခြမ်းတွေမှာ ရံဖန်ရံခါ တိုက်ပွဲတွေ ဖြစ်ပွားမှုဆက်ရှိနေပြီး ရပ်ကွက် ၉ ထဲကို ရှော့တိုက်ဒုံးကျရောက်ပြီး နေအိမ်တချို့မီးလောင်ခဲ့သလို ဘူတာအနီးမှာလည်း ရှော့တိုက်ဒုံးကျလို့ ဒေသခံတယောက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
” ရှော့တိုက်ဒုံးကျလို့ အိမ်မီးလောင်တာ ငါးလုံးလောက်ရှိတယ်။ ရပ်ကွက် ၉ သွားလို့မရဘူး ။မြို့အဝင်အစွန်အဖျားပေါ့ ။ စျေးရဲ့အရှေ့မိန်းလမ်းအကုန်လုံးသွားလို့မရဘူး ။ရပ်ကွက် ၅ လည်း အစွန်အဖျားပဲ သွားမရဘူး ။ ၁ လမ်း ၂ လမ်း ၃ လမ်းကတော့ လူတွေနေတယ် ။သောကြာနေ့ကရှော့တိုက်ဒုံးကျလို့ တယောက်သေတတယ်။ကလေးတွေစာမေးပွဲဖြေနေလို့ ကျောင်းဘက်ပတ်ကြည်တာကို ဘူတာနားရောက်တော့ ရှော့တိုက်ဒုံးကျပြီး အစမှန် သေသွားတယ်။တိုက်ပွဲက မြို့အထွက်တွေမှာဖြစ်တယ် ။နှစ်ဖက်အကျဆုံးတွေလည်းရှိတယ်။” လို့ ကသာမြို့ခံက ဆက်ပြောပါတယ်။
လက်ရှိ ကသာမြို့အခြေအနေက မြို့တွင်းမှာ ပုံမှန် သွားလာလှုပ်ရှားမှု ရှိနေပြီး မြို့အစပ်ဖြစ်တဲ့ ရပ်ကွက ၈ ရပ်ကွက် ၉ ၊ ရပ်ကွက် ၅ ဘက်တွေကတော့ သွားလာလို့ မရကြောင်း သိရပါတယ်။
ကသာမြို့ကနေ စစ်ရှောင်သွားသူ အများစုဟာ မော်လူး ၊ မိုးညှင်း ၊ မြစ်ကြီးနား ၊ ရွှေကူ ၊အင်းတော် ၊ စစ်ကိုင်း ၊ မန္တလေး ၊ ရန်ကုန် အပါအဝင် တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြ ရတာဖြစ်တယ်လို့ သိရပါတယ် ။
နေရပ်စွန့်ခွာပြီး စစ်ရှောင်သွားသူတွေထဲကမှ အိမ်စောင့်ချန်ရစ်မထားနိုင်ခဲ့တဲ့ နေအိမ်တွေမှာဆိုရင် ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ သိရပါတယ်။
ကသာမြို့မှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ညက စပြီး ဇန်နဝါရီ ၂ ရက်နေ့အထိ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ဒီကနေ့အထိတော့ စစ်ရေးပြင်းထန်မှု မရှိတော့ဘဲ ရံဖန်ရံခါ ပစ်ခတ်မှုသာ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ကသာမြို့တိုက်ပွဲအကြားမှာ ရပ်ကွက် ၈ ထဲက အိမ်ခြေ ၁၅ လုံးလောက် မီးလောင်ပျက်စီးခဲ့ရပြီး အ.ထ.က ၂ ကျောင်းလည်း မီးလောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW