စုံ မ ခွဲ လမ်းပေါ်ထွက်ဖို့ စတင်တဲ့နေ့မှာ အဖွဲ့စုံစစ်ဆေးနေသလို တရားမဝင် ဆီရောင်းသူတွေကိုပါ အရေးယူနေ

မတ် ၇ ၊ ၂၀၂၆
GG (VOM)
ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်တွေကို စုံ “ရက် မ” ရက် အလိုက် တရက်ခြားစီသာ လမ်းပေါ်ထွက်ဖို့ စတင်တဲ့နေ့မှာ ယာဥ်ထိန်းရဲအပါ အဖွဲ့စုံက စစ်ဆေးမှုတွေ လုပ်နေသလို ရပ်ကွက်တွေထဲက လိုင်စင်မရှိဘဲ ဓာတ်ဆီရောင်းချနေသူတွေကိုပါ အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ မတ် ၇ ရက်နေ့မနက်ပိုင်းက ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် ၆ ခုမှာ လုပ်ငန်းလိုင်စင် မရှိဘဲ တရားမဝင် ဓာတ်ဆီရောင်းချနေသူ ခြောက်ယောက်ကို ဓာတ်ဆီတွေနဲ့အတူ ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အဆိုပါ တရားမဝင်ဓာတ်ဆီရောင်းချသူတွေကိုတော့ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
” ကျွန်းသာယာရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ ဥဿာမြို့သစ် (၂)ရပ်ကွက် နဲ့ ( ၁) ရပ်ကွက် ၊ ကလျာဏီရပ်ကွက်၊ ဇိုင်းတောင်ရပ်ကွက်ခြောက်ခုကလို့သိရတယ်။ ရောင်းတာကလည်း ရေသန့်ဘူးတို့ဘာတို့နဲ့ ပြန်ရောင်းတာ ။ တိုင်တဲ့သူရှိလို့ စစ်ဆေးတာမှာ မိတာလို့သိရတယ်။ လမ်းပေါ်လည်း အဖွဲ့စုံနဲ့ စစ်နေတယ်။ စုံရက်မှာ စုံနံပါတ်ယာဥ်ပဲထွက်ဖို့ပေါ့ ပြောတာ။ ပညာပေးကာလ ပြီးရင်တော့ အရေးယူမှာလို့ ပြောတယ် ။ ” လို့ ပဲခူးဒေသခံကပြောပါတယ်။
ဒီနေ့ကစပြီး မတ်လ ၁၃ ရက်နေ့အထိကို အသိပေးကာလအဖြစ်သတ်မှတ်ပြီး စုံ ရက်မှာ စုံဂဏန်းနံပါတ်ကားနဲ့ ဆိုင်ကယ်တွေသာ အပြင်ထွက်ဖို့ ၊ မ ရက်မှာ မဂဏန်းနံပါတ်ကားတွေသာ အပြင်ထွက်ဖို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က အသိပညာပေးနေတာ ဖြစ်ပါတယ်။
အသိပညာပေးကာလအတွင်းမှာတော့ အရေးယူတာမျိုးမလုပ်သေးပေမယ့် သတ်မှတ်ကာလကျော်ချိန် ရောက်ရင်တော့ အမိန့်မလိုက်နာတဲ့ ကားနဲ့ ဆိုင်ကယ်တွေအနေနဲ့ ထောင်ဒဏ် ၁ လ ၊ ဒဏ်ငွေ ကျပ် ၂၀၀၀၀ ကျခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
” ဒီနေ့စတာ သိတယ်။ မ ဂဏန်းကားပဲ ထွက်ရမယ်ကြေငြာထားပေမယ့် အရေးပေါ် ကိစ္စရှိတာနဲ့ ကားနဲ့သွားလိုက်တာ လမ်းမှာ စစ်ဆေးတာနဲ့ တိုးပါတယ်။ အခုကတော့ မဖမ်းသေးဘူး ပြောတယ်။ အသိပေးကာလကျော်ရင်တော့ အရေးယူမယ်ပြောပါတယ်။ ” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ တယောက်က ပြောပါတယ်။
စုံဂဏန်းကား နဲ့ဆိုင်ကယ်က စုံရက် ၊ မ ဂဏန်းကားနဲ့ ဆိုင်ကယ်က မ ရက်မှာသာ လမ်းမပေါ်ထွက်ဖို့ စတင်တဲ့နေ့မှာ စက်သုံးဆီ အရောင်းဆိုင်တွေကလည်း စုံ ရက် ၊ မရက် အလိုက်သာ ဆီရောင်းချပေးမယ့်အကြောင်း အသိပေးထားသလို လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုတော့ စက်သုံးဆီ ရောင်းချပေးမှာ မဟုတ်ကြောင်း သိရပါတယ်။
ဒါ​ပေမယ့် စက်သုံးဆီဆိုင်​တွေက ၇၆W ဆို စုံလို့ သတ်မှတ်ပြီး ၄၉W ဆို မလို့ သတ်မှတ်​ပေမယ့် တချို့ယာဥ်ထိမ်းရဲက ​ရှေ့ဆုံးတလုံးသာ စုံ မ ခွဲတယ်ဆိုတာ​ကြောင့် ဘယ်ဟာအမှန်လို့ မသိကြ​သေးပါဘူး။
နေပြည်တော် ပျဥ်းမနားမြို့က ဆင်ရုပ်နဲ့မြင်းရုပ်ကြားမှာလည်း ဒီကနေ့ မတ်လ ၆ ရက်နေ့ ညနေ ၄း၃၀ မိနစ်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယဥ်ထိန်းရဲတပ်ဖွဲ့ စည်ပင် ဝန်ထမ်းတွေပါဝင်ပြီး ဆိုင်ကယ်နဲ့ကားတွေကို စုံရက် မရက် ပညာပေးလုပ်ငန်း လုပ်ဆောင်နေကြပါတယ်။
လက်ရှိမှာတော့ စက်သုံးဆီအရောင်းဆိုင်တွေက ဆိုင်ကယ်တစီးကို ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် ၊ ကားတစီးကို ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်နူန်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။
စက်သုံးဆီစျေးနူန်းကတော့ နေရာဒေသအလိုက် စျေးနူန်းအမျိုးမျိုးဖြစ်ပေါ်နေပြီး ​မှောင်ခို​ဈေးကွက်မှာ တလီတာကို တသောင်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။
စက်သုံးဆီ ခြိုးခြံခြွေတာသုံးစွဲရေးအတွက်ဆိုပြီး ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ မတ်လ ၃ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကသတင်းထုတ်ပြန် အသိပေးခဲ့တာဖြစ်ပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေနဲ့လည်း စက်သုံးဆီကို ဝယ်ယူ စုဆောင်းခြင်းနဲ့ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချခြင်း လုံးဝမပြုလုပ်ဖို့ ပြောထားပါတယ်။
အဆိုပါစည်းကမ်းသတ်မှတ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးလာတာဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေအရ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းတဲ့ သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တလျှောက်မှာ အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီခြိုးခြံခြွေတာသုံးစွဲဖို့ဆိုပြီး စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Thet Phyo Kyaing & VOM

Related posts

Leave a Comment

VOM News

FREE
VIEW