နံပါတ်ပြားအတုနဲ့ အလှဆင်နံပါတ်ပြားတွေ အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေ မှတ်ပုံတင်ရမယ်

မတ် ၇ – ၂၀၂၆
SN (VOM)
နံပါတ်ပြားအတုနဲ့ အလှဆင်နံပါတ်ပြားတွေ တပ်ဆင် အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ သတ်မှတ်ရက်တွေအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး စည်းကမ်းအတိုင်း လိုက်နာမှုမရှိပါက အရေးယူသွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ တင်သွင်းခွင့်ပြုချက်နဲ့ အကောက်ခွန် ဦးစီးဌာနတို့မှာ အခွန်တွေ ပေးဆောင်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်း ရောက်ရှိပြီးတဲ့ မော်တော်ယာဉ်တွေအနေနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ကနဦးမှတ်ပုံတင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုတွေ၊ အလှဆင် နံပါတ်ပြားတွေ တပ်ဆင်ပြီး အသုံးပြုနေတာကို တွေ့ရှိနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ဟာ လတ်တလော စက်သုံးဆီ ခြွေတာရေးစနစ်အရ ‘စုံ’ နေ့၊ ‘မ’ နေ့ ခွဲခြားထားတဲ့အပေါ်မှာ အလှဆင် နံပါတ်ပြားတွေနဲ့ ‘စုံ’တပ်လိုက်၊ ‘မ’ တပ်လိုက် ပြုလုပ်ထားတဲ့ကားတွေ လမ်းပေါ် တက်လာမှာကို တားဆီးချင်တာကြောင့် နောက်ဆုံးနံပါတ် ယူဖို့အတွက် ကညနနဲ့ မော်တော်ယာဉ် ကြီးကြပ်မှု ကော်မတီက အခုလို စာထုတ်လိုက်တာ ဖြစ်တယ်လို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
“ဒါက အဓိက က ဘာလဲဆိုတော့ စက်သုံးဆီ ခြွေတာရေးအတွက် စုံ/မ ဒီနေ့စတယ်လေ။ အဲဒီတော့ ကား show room တွေမှာ ရောင်းပြီးမှ နံပါတ်ယူမယ်ဆိုတဲ့ စနစ်နဲ့ တင်သွင်းထားတဲ့ကားတွေ ရှိတယ်လေ။ အဲဒီကားတွေက ကျန်နေသေးတယ်။ တချို့ကားတွေက စလစ်ဖြတ်ရတယ်၊ တချို့ကားတွေက စလစ် ဖြတ်စရာမလိုဘူးပေါ့။ အဲဒီကားတွေက ‘စုံ’နေ့မှာ အလှနံပါတ်ပြား ‘စုံ’နဲ့ တပ်စီး၊ ‘မ’နေ့မှာ ‘မ’ နံပါတ်ပြား တပ်စီးဆိုတော့ အရေးယူတဲ့ အခါမျိုးကျတော့ ကားကလည်း သွင်းကုန်လိုင်စင်နဲ့ အရေးယူလို့မရဘူး၊ သွင်းကုန် လိုင်စင်မဲ့ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလိုကားတွေက မော်တော်ယာဉ် မှတ်ပုံတင်ခြင်း ဆိုတဲ့ ကညနမှာ register မလုပ်ရသေးဘူး။ ဒါကြောင့် အရေးယူလို့တော့ ရတယ်၊ အပြည့်အစုံ အရေးယူလို့ မရတဲ့အခါမျိုးကျတော့၊ နံပါတ်ပြား တပ်စီးတဲ့အပေါ်မှာပဲ အရေးယူလို့ရမှာ ဆိုတော့ အခုလို သတ်မှတ်လိုက်တာလို့ ယူဆလို့ ရပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးနံပါတ် ယူဖို့၊ မယူဖို့ဆိုတာထက် အဓိက က အဲဒီလိုကားတွေဟာ Consignment နဲ့ စတင် ပေးထားကတည်းကိုက Consignment သက်တမ်း ကုန်ဆုံးနေတဲ့ကားတွေလည်း အများကြီး ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ကညနအနေနဲ့ ဒီလိုကားတွေ ဝင်ရောက်လာတဲ့အခါ တခါတလေမှာ ဒဏ်ကြေး၊ တခါတလေမှာ နောက်ကျကြေးတို့ကောက်ပြီး ခွင့်ပြုပေးနေတာ ဖြစ်တဲ့အတွက် နံပါတ်မယူဘဲထားလိုက်တဲ့ ကားတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“အခုလို ကြေညာချက် ထုတ်လိုက်တဲ့အခါကျတော့လည်း နံပါတ်ယူကြမှာပါ။ ဒါပေမယ့် ဒီလို ကားတွေကလည်း အနည်းစုပါ။ အများကြီးလည်း မရှိတဲ့အခါကျတော့ သက်ရောက်မှုကတော့ အရမ်းကြီး မရှိနိုင်ဘူး။ ၂၀၁၈ ကနေ ၂၀၂၀ အတွင်းဆိုတော့ တချို့ ညာမောင်းတွေ ကျန်မယ်၊ ဘယ်မောင်းတွေလည်း တချို့ကျန်ပါသေးတယ်။ အဓိက ကတော့ use ကားကို ပြောချင်တာပေါ့နော်။ အလှဆင်နံပါတ်ပြားက အရင်ကတည်းက ခွင့်မပြုဘူးဆိုတာ မိခင်စာ ထွက်ပြီးသား။ ခုချိန်ကတော့ ပိုပြီးတော့ action ဖြစ်အောင် ထပ်ပြီးတော့ နောက်ဆက်တွဲ ကြေညာတာဖြစ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ကြေညာချက်မှာတော့ မော်တော်ယာဉ်တွေဟာ တည်ဆဲ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနဲ့အညီ ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းတွေကို မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီးလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေကို ၂၀၂၆ ခုနှစ်၊ မေ ၃၁ ရက် နောက်ဆုံးထားပြီးလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေကတော့ ၂၀၂၆ ခုနှစ်၊ ဇွန် ၃၀ ရက် နောက်ဆုံးထားပြီးလည်းကောင်း ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းတွေ ပြီးပြတ်အောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သတ်မှတ်ထားတဲ့ကာလ ကျော်လွန်ပါက ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပေးမှာ မဟုတ်တဲ့အပြင် အချိန်မီ မှတ်ပုံတင်ခြင်း မပြုလုပ်ပါက တည်ဆဲ ဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးကျော်စွာထွန်းမြင့်က “အစီးရေ အများကြီး မရှိပါဘူး။ ဒါက ကျွန်တော်တို့လည်း data collection အရ သိရတာပေါ့နော်။ ၂၀၂၈ ကနေ ၂၀၂၀ အထိ ကားတွေက show room ၁၀ ခုရှိရင် ငါးခုမှာ မကျန်တော့ဘူး။ တော်တော်များများ နည်းပါတယ်။ တချို့တွေဆိုလည်း မော်တော်ယာဉ် တင်သွင်းခွင့် ပြုကတည်းက သုံးနေတဲ့ ကားတွေတောင် ရှိပါတယ်” လို့ သူက ပြောပါတယ်။
အဓိက က ၂၀၂၈ ကနေ ၂၀၂၀ အတွင်းမှာ နံပါတ် မယူရသေးတဲ့ ကားအရေအတွက်ဟာ ရာခိုင်နှုန်းအရ အရမ်းနည်းပါးတာ ဖြစ်တဲ့အတွက် နံပါတ်ယူလိုက်လို့လည်း ပိုမထူးသလို နံပါတ် မယူပါကလည်း စက်သုံးဆီအပေါ်မှာတော့ ထိခိုက်မှု မရှိနိုင်ဘူးလို့ သူက ပြောပါတယ်။
တချို့သော ကားတွေဆိုပါက နံပါတ်မယူထားဘဲ အသုံးပြုနေတာ သက်တမ်း ခုနစ်နှစ်၊ ရှစ်နှစ်လောက် ရှိတော့မယ့် ကားတွေလည်း ရှိနေပြီး မော်တော်ယာဉ် တင်သွင်းခွင့် ပြုထားတာဟာ ၂၀၁၀-၁၁ ကတည်းက ဖြစ်တဲ့အတွက် နှစ်ပေါင်း မနည်းတော့တဲ့ ကားတွေတောင် ရှိနေတယ်လို့ သူက ပြောပါတယ်။
“တချို့ဆို ကားတွေတောင် ဆွေးကုန်ပြီ၊ နံပါတ်မရသေးတဲ့ ကားတွေတောင် ရှိတယ်။ ဒါပေမယ့် အစီးရေက တအားနည်းသွားပါပြီ။ show room ရှိတဲ့ အစီးရေက ပိုတောင် မရှိသလောက် ဖြစ်သွားပါပြီ။ ပြောချင်တာကတော့ show room တွေကလည်း ဒီကားကို နံပါတ် မယူဘဲနဲ့ ဒီလောက်ကြာအောင် မထားတော့ဘူးပေါ့။ တချို့ သုံးတဲ့သူလက်ထဲမှာပဲ နံပါတ်မယူဘဲ ဆက်သုံးနေတာမျိုးပေါ့။ ဒီကြေညာစာက အဓိက က နံပါတ်ပြားကို အလှနံပါတ်ပြားနဲ့ ‘စုံ’တပ်လိုက်၊ ‘မ’တပ်လိုက် မဖြစ်အောင်လို့ ထိန်းကျောင်းတဲ့ ကြေညာစာလို့ပဲ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။ ကျန်တဲ့ဟာ‌အပေါ် သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် စက်သုံးဆီကို ထိန်းသိမ်းတယ်ဆိုတာဟာ နိုင်ငံတကာမှာလည်း ရှိသလို၊ နိုင်ငံတိုင်းမှာလည်း ကိုယ့်နိုင်ငံရဲ့ အရန်ဆီကို လုံလောက်အောင် အသုံးပြုရတာမျိုး ရှိပေမယ့် စုံ/မ ကိစ္စကိုတော့ ဆီဝယ်ယူဖို့အတွက်သာ အသုံးပြုစေလိုပြီး ဆီပေးနိုင်တဲ့ ပမာဏပေါ် မူတည်ကာ ထိန်းချုပ်နိုင်မယ်ဆ်ိုရင်တော့ ပိုအဆင်ပြေနိုင်မယ်လို့ သူက ပြောပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW