လေယာဥ်ဆီအခက်အခဲကြောင့် ခုရက်ပိုင်းပြေးဆွဲမယ့် ပြည်တွင်းလေကြောင်းခရီးစဥ်အများစု ဖျက်သိမ်း

မတ် ၂၁ ၊ ၂၀၂၆
GG (VOM)
ပြည်တွင်းလေကြောင်းလိုင်းတွေကဒီရက်ပိုင်းအတွင်းပြေးဆွဲမယ့် ပြည်တွင်း လေကြောင်းခရီးစဉ်တချို့ကို ယာယီဖျက်သိမ်းလိုက်တယ်လို့ လေကြောင်းလိုင်းနဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက စုံစမ်းသိရှိရပါတယ်။
လတ်တလောကြုံတွေ့နေရတဲ့ လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်းပြေးဆွဲနေတဲ့ ခရီးစဉ်တချို့ကို မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ၊ MAI ၊ Mingalar Airline တွေက ပြည်တွင်းခရီးစဉ်အများစုကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီကနေ့ မတ် ၂၁ ရက်နေ့ကစပြီး ၂၆ ရက်နေ့အထိ ပြေးဆွဲမယ့် ပြည်တွင်းခရီးစဉ်အများစုကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
” မြန်မာအမျိုးသားလေကြောင်းက ဒီနေ့နဲ့ မနက်ဖြန် ခရီးစဉ်တွေ cancel လို့ပြောတယ်။ MAI ကေတာ့ ဒီနေ့ကစပြီး ၂၆ ရက်အထိလို့သိရတယ်။ Air Thanlwin ကတော့စာမထုတ်သေးဘူး ။ မန်းရတနာပုံက မနက်ဖန် အကုန်cancel လို့စာဝင်တယ်။ လောင်စာဆီကြောင့်လို့သိရတယ်။ Mingalar Air ဆိုရင်လည်း ၂၁ ရက်ကနေ ၂၃ ရက်အထိ လောလောဆယ် ခရီးစဉ်ဖျက်ထားတယ်။ ” လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်က ပြောပါတယ်။
လေယာဉ်ဆီအခက်အခဲကြောင့် ရပ်နားလိုက်ရတဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေအတွက်ကို လေကြောင်းလိုင်းတွေက လက်မှတ်ခ ငွေပြန်ထုတ်ယူခွင့်ပြုထားသလို ရက်လဲလှယ်ခွင့်ကိုလည်း တကြိမ် ခွင့်ပြုထားတယ်လို့ သိရပါတယ်။
မန်းရတနာပုံ လေကြောင်းလိုင်းရဲ့ call center မှ တာဝန်ကျဝန်ထမ်းတယောက်က ” မနက်ဖန် Flight cancel ဖြစ်တဲ့အတွက် လက်မှတ်ဖိုးငွေ ပြန်ထုတ်ယူလို့ရပါတယ်။ ရက်ပြန်ချိန်းတာကကျတော့ နောက်ရက်တွေရော Flight ကထွက်ဖြစ် မထွက်ဖြစ် သေချာမသိရတော့ အဆင်မပြေမှာစိုးလို့ပါ ။ ” လို့ ပြောပါတယ်။
MAI နဲ့ Mingalar Air လေကြောင်းလိုင်းတွေကနေ မတ် ၂၁ ရက်နေ့အတွက် ဖျက်သိမ်းလိုက်တဲ့ လေကြောင်းခရီးစဉ်တွေက ရန်ကုန်-ဟဲဟိုး ၊ ရန်ကုန်-ထားဝယ် ၊ ရန်ကုန်-စစ်တွေ ၊ကျိုင်းတုံ-မန္တလေး ၊ရန်ကုန်-မြိတ် ၊ ရန်ကုန်-ကော့သောင်း ၊ ရန်ကုန်-ကလေးမြို့ ၊ ရန်ကုန်-ဟဲဟိုး-တာချီလိတ် တို့ဖြစ်တယ်လို့ ကိုယ်စားလှယ်တွေ ထု​တ်ပြန်ထားတဲ့ အချက်အလက်အရ သိရပါတယ်။
အလားတူ MNA နဲ့ မန်းရတနာပုံ လေကြောင်းလိုင်းကလည်း ခရီးစဥ်အများစုကို ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။
” ခရီးစဉ်တချို့ကို Cancel လုပ်လိုက်တာဟုတ်ပါတယ်။ တချို့ခရီးစဉ်တွေ ပြေးဆွဲမှုရှိပါတယ်။ ဒီနေ့ ကလေး ပြေးသေးတယ် ။ ထားဝယ်ပြေးဆွဲသေးတယ် ။ခရီးစဉ် အကုန်လုံးရပ်လိုက်တာတော့မဟုတ်ပါဘူး ။လက်မှတ်ဖြတ်ထားတယ်ဆိုရင် အချက်အလက်ပြောပြရင် ခရီးစဉ် cancel တဲ့အထဲပါမပါကို ကျွန်မတို့စစ်ပေးပါတယ်။ ” လို့ MNA လေကြောင်းလိုင်း call center ရဲ့ တာဝန်ကျဝန်ထမ်းကပြောပါတယ်။
ပြည်တွင်းလေကြောင်း ခရီးစဥ်အများစုကို ရပ်နားလိုက်တဲ့အတွက် ခရီးသွားဖို့ ကြိုတင်စီစဥ်ကာ လက်မှတ်ဖြတ်ထားတဲ့ ပြည်သူတွေအတွက် နစ်နာမှုတွေရှိကြောင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေအနေနဲ့ လေကြောင်းခရီးစဥ် ကိုသာ အဓိကအားကိုးနေရတာ ဖြစ်တယ်လို့ သိရပါတယ် ။
လေယာဥ်ဆီအခက်အခဲကြောင့် လေကြောင်းခရီးစဥ်လက်မှတ်ခစျေးနူန်းတွေလည်း ထပ်မံမြင့်တက်လာတယ်လို့ သိရပါတယ် ။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် မြန်မာအပါအဝင် နိုင်ငံတချို့မှာ လောင်စာဆီအခင်အခဲကို ရင်ဆိုင်နေကြရတာကြောင့် လေယာဥ်ဆီရရှိမှု ခက်ခဲလာ နေတာ ဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW