မတ် ၂၆ – ၂၀၂၆
SN (VOM)
ပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို ကာလ သတ်မှတ်ချက်တခုနဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းအပြင် အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့ မတ် ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒါအပြင် ပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို နောက်ကွယ်ကနေ ပါဝင်ကူညီပေးကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကိုပါ စုံစမ်းဖော်ထုတ်ပြီး ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ဒီထုတ်ပြန်ချက်က ခွင့်ပြန်သမားအဖြစ် လိမ်လည်တဲ့သူတွေကို ရည်ညွှန်းတယ်လို့ ယေဘုယျ သတ်မှတ်လို့ရပေမယ့် တကယ့်ခွင့်ပြန် အလုပ်သမားတွေ ထိခိုက်နိုင်ပါတယ်။ ပြည်ပပြန်ထွက်ဖို့ ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးခံလာရနိုင်တယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ ခွင့်ပြန် အလုပ်သမားတွေအနေနဲ့ပြည်ပ ပြန်ထွက်ဖို့အတွက် ရုံးဖွင့်ရက်အပါအဝင် ငါးရက်ကြိုတင် လျှောက်ထားရမှာဖြစ်ပြီး နိုင်ငံကွဲပြားမှုအပေါ်မူတည်ကာ စစ်ဆေးရတဲ့အချိန်လည်း ကွာခြားနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါအပြင် ပြည်ပအလုပ်ရှင် (ဒါမှမဟုတ်) HR ဌာနကို ဆက်သွယ်ပြီး အလုပ်သမားကို ခွင့်နဲ့ပြန်ခွင့်ပြုထားတာ ရှိ/မရှိ စစ်ဆေးခံရမှာ ဖြစ်တဲ့အပြင် Visa နဲ့ Work Permit အချက်အလက်တွေကိုလည်း စစ်ဆေးဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“တော်တော် စိတ်ပျက်စရာ အကောင်းဆုံး စနစ်ပါပဲ။ Permit card ကိုင်ထားတဲ့သူကို ပြည်ပနိုင်ငံက အလုပ်ရှင်သူဋ္ဌေး၊ HR တွေဆီပါ ဖုန်းဆက်ဦးမယ်တဲ့။ Work Permit တွေက အတုလုပ်လို့မှမရတာ။ scan ဖတ်တာနဲ့ အချက်အလက်အမှန် အကုန်ပေါ်တယ်လေ။ စာရွက်စာတမ်း အပြည့်စုံနဲ့ ထွက်လာတဲ့သူတွေက အလွယ်တကူ ဝင်မရ၊ ပြန်ထွက်မရတာ အတော်ဆိုးတယ်” လို့ ခွင့်ပြန် အလုပ်သမားတယောက်က ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားသစ် တချို့ဟာ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စနစ်တကျ စုဆောင်းခြင်း၊ ပြည်ပကို မထွက်ခွာမီ သင်တန်း တက်ရောက်ခြင်းနဲ့ ဆေးစစ်ခံခြင်း လုပ်ငန်းစဉ်တွေကို ကျော်လွှားနိုင်ဖို့ “ခွင့်ပြန်အလုပ်သမား” အဖြစ် အသွင်ဆောင်ကာ ပြည်ပထွက်ခွာဖို့ ကြိုးစားလာတာကို တွေ့ရှိလာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ နောက်ထပ် အလုပ်သမား တယောက်ကလည်း “ဥပမာ မလေးရှားဆို အဲဒီနိုင်ငံကနေ ခွင့်ပြန်လာသူတွေကို တရားဝင်ဗီဇာနဲ့ အလုပ် လုပ်နေတာ ဟုတ်၊ မဟုတ် မလေးရှား Immigration Website မှာ နိုင်ငံနဲ့ Passport နံပါတ် ရိုက်ထည့်ရုံနဲ့ စစ်လို့ရပါတယ်။ တမိနစ်တောင် မကြာဘူး။ နောက်ပြီး မလေးရှားက လဝကအထွက်တုံး ထုပေးတယ် ဆိုကတည်းက ဗီဇာမှန်လို့ ထုပေးတာ။ ဒါကို ဒီမှာဘာလို့ လေး၊ ငါးလကြာအောင် စိစစ်နေရတာလဲ” လို့ ပြောပါတယ်။
ခွင့်ပြန် အလုပ်သမားတွေအနေနဲ့ ပြည်ပ ပြန်ထွက်ဖို့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အလုပ်သမားဝန်ကြီးဌာန ဆိုက်ရောက်ကောင်တာကို သွားရောက်ပြီး သတင်းပို့ရမှာဖြစ်ကာ အဲဒီ မှတ်တမ်းရှိမှသာ ပြည်ပကို ပြန်လည် ထွက်ခွာခွင့်ပြုမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါအပြင် ရုံးဖွင့်ရက်အပါအဝင် ငါးရက်မှာ ကြိုတင် လျှောက်ထားရမယ်လို့ ဆိုရာမှာလည်း သက်တမ်းရှိ နိုင်ငံကူးလက်မှတ် မိတ္တူ၊ သက်တမ်းရှိ OWIC ကတ် ရှေ့/နောက် မိတ္တူ၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ် / Visa မိတ္တူ၊ လေဆိပ်အဝင်တုံး ပါဝင်တဲ့ မျက်နှာပြင်မိတ္တူ၊ အလုပ်ရှင်ရဲ့ ခွင့်စာ မိတ္တူ၊ လေယာဉ်လက်မှတ် မိတ္တူတို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
လျှောက်ထားလာတဲ့ အလုပ်သမားတွေရဲ့ အချက်အလက်တွေကို စိစစ်ပြီး မှန်ကန်ကြောင်း အတည်ပြုပြီးသူတွေရဲ့ အမည်စာရင်းကို “Safe Migration Telegram” Channel မှာ ထုတ်ပြန် ကြေညာထားမှုအပေါ် တာဝန်ရှိ သက်ဆိုင်ရာ ဌာနတွေက အဲဒီစာရင်းနဲ့ တိုက်ဆိုင် စစ်ဆေးဦးမှာဖြစ်ပြီး မှန်ကန်မှုရှိမှသာ ပြည်ပကို ထွက်ခွာခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
