ကုန်းလမ်း၊ ရေလမ်း သွားလာခွင့် ယာယီပိတ်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲမှာကို ဟုမ္မလင်းဒေသခံတွေ စိုးရိမ်

ဇွန် ၉ – ၂၀၂၆
SS (VOM)
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကြောင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက လုံခြုံရေးအရ ယာယီပိတ်ထားမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်းက အဝင်/အထွက်ဂိတ်တွေ၊ ကုန်းလမ်း၊ ရေလမ်းဂိတ်တွေ၊ အခွန်ဂိတ်တွေ အားလုံးကို လာမယ့် ဇွန် ၁၀ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားမယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ ဇွန် ၈ ရက်နေ့ ရက်စွဲနဲ့ အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“ကုန်စည်စီးဆင်းမှုက ချင်းတွင်းမြစ်ကြောင်းကို အားထားနေရတာ။ အရင်ကလည်း ဒီလိုပဲ၊ ခဏခဏပိတ်ဖူးတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်းတခါ၊ အခုလိုပဲ လမ်းကြောင်းတွေ ပိတ်လိုက်တော့ အမြန်ရေယာဉ် အစင်း ၂၀၀ ကျော်လောက် ကလေးခရိုင်မှာ ပိတ်မိနေခဲ့ဖူးတယ်။ ကုန်အဝင်တွေလည်း နောက်ကျကုန်တာပေါ့။ ဒေသထဲမှာက ကုန်စည်ပြတ်ရင်ပြတ်သလို ကုန်ဈေးနှုန်းတက်တာတွေ၊ စက်သုံးဆီ ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အနီးရှိ တပ်စခန်း ငါးခုကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဒေသအတွင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဟုမ္မလင်းနယ်က ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းတွေအပြင် ရွှေပြည်အေးနယ်မြေအတွင်းက မြစ်ပြင်တလျှောက် အသုံးပြုနေတဲ့ အင်တာနက်တွေကိုပါ ပိတ်ထားမှာဖြစ်ပြီး အခု ထုတ်ပြန်ချက်တွေဟာ နောက်ထပ် အမိန့်စာ မထွက်မချင်း အတည်ဖြစ်တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေးထားပါတယ်။
ဒေသခံတွေ၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ အဲဒီ ညွှန်ကြားချက်တွေကို လိုက်နာ ဆောင်ရွက်ကြဖို့နဲ့ လိုက်နာမှုမရှိပါက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။
“အခုတခါပိတ်တာကလည်း ဘယ်လောက်ကြာမယ် မသိသေးဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလက လမ်းကြောင်းတွေ ပိတ်တုန်းကလည်း ကုန်ဈေးနှုန်းက သုံးဆကျော်လောက် တက်ပြီးပြီ။ အခုတခါလည်း ဘယ်လောက်တွေ ဖြစ်ကုန်ဦးမှာလဲမသိဘူး။ စက်သုံးဆီတွေ၊ ဆေးဝါးတွေ၊ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်သွားမှာကိုပဲ စိုးရိမ်ရတယ်။ ကုန်စည်တွေသယ်တော့လည်း အခွန်တွေပေးပြီး သယ်ရတာ။ ဒီကာလမှာ အခုထိ တခုမှကို အဆင်ပြေတယ်မရှိဘူး” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်း (အထက်ပိုင်း) ချင်းတွင်းမြစ်အနီးမှာတည်ရှိတဲ့ ဟုမ္မလင်းမြို့မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက် ဟုမ္မလင်းတပ်နယ် အခြေစိုက်ထားပြီး မြို့ပေါ်နဲ့ မြို့ရဲ့ဧရိယာရဲ့ ထက်ဝက်ကျော်ကို အစိုးရတပ်၊ SNA တပ်တွေက ထိန်းချုပ်ထားတာဖြစ်ကာ KIA ပူးပေါင်းတပ်တွေကတော့ ချင်းတွင်းမြစ် အောက်ဘက်က ကျေးရွာအုပ်စုတွေနဲ့ ဟုမ္မလင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရွှေပြည်အေးမြို့ကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW