ဇွန် ၁၆-၂၀၂၆
MW(VOM)
မုံရွာမြို့ရပ်ကွက်စုံကခိုးထားတဲ့ ဆိုင်ကယ်၁၉စီးနဲ့အတူ ဆိုင်ကယ်သူခိုး၅ဦးကို ဇွန်လ၁၆ရက်နံနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်ဒုရဲမှုးစိုးမင်းပိုင်ဦးစီးတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးမိပါတယ်။
မုံရွာမြို့ပေါ်ရပ်ကွက်တွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုး ရဲမှူးကြီး နိုင်လင်းရဲ့ ကြီးကြပ်ကွပ်ကဲမှု၊ မုံရွာခရိုင်ခေတ္တခရိုင်ရဲတပ်ဖွဲ့မှုး ရဲမှုးလှမြင့်၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှူး သိန်းထွန်းတို့ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ မုံရွာမြို့ မြို့မရဲစခန်း နယ်ထိန်းဒုရဲမှူး စိုးမင်းပိုင် ဦးစီးတဲ့အဖွဲ့ဟာ မှုခင်းကျဆင်းရေး ရက်၁၀၀ စီမံချက်ဆောင်ရွက်နေစဥ်မှာ ဖမ်းဆီးရမိတာပါ။
ပူးပေါင်းအဖွဲ့ဟာ မုံရွာမြို့ထန်းတောအောင်ရတနာရပ်မှာနေတဲ့ ဘေးတွဲမောင်းသူတဦးအိမ်မှာ ခိုးရာပါဆိုင်ကယ်တွေ လက်ခံထားတယ်လို့သတင်းရတဲ့အတွက် ကွင်းဆက်လိုက်ပြီးရှာဖွေရာမှာ ခိုးသူနဲ့လက်ခံသူတို့ သိမ်းဆည်းထားတဲ့ ခိုးရာပါ ဆိုင်ကယ်၁၉စီးကို သိမ်းဆည်းရမိတာဖြစ်ပါတယ်။
ဆိုင်ကယ်ခိုးတဲ့သူ ၃ဦးဟာ မုံရွာမြို့ပေါ် ရပ်ကွက်အသီးသီးက ပုံစံအမျိုးမျိုးနဲ့ ဆိုင်ကယ်တွေကို ခိုးယူခဲ့ကြတာဖြစ်ပြီး ခိုးရာပါဆိုင်ကယ်တွေကို အမျိုးသား၂ဦးက လက်ခံခဲ့ကြတာပါ။ ဆိုင်ကယ်ခိုးသူ၃ဦးနဲ့ ခိုးရာပါလက်ခံခဲ့သူ၂ဦးကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာမှာ လက်ရှိအချိန်အထိဆိုင်ကယ်ပိုင်ရှင်၄ဦးပေါ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၇ရက်နေ့ကလည်း မုံရွာမြို့နေရာအနှံ့က ခိုးယူခဲ့တဲ့ ဆိုင်ကယ်၄စီးနဲ့ အတူ ဆိုင်ကယ်ခိုးသူအမျိုးသား၁ဦး အမျိုးသမီး၂ဦးတို့ကို
ဖမ်းဆီးရမိထားပါသေးတယ်။
