ရေကြီးမှုကြောင့် ဟုမ္မလင်း – နမ့်တောလမ်းပိုင်းရှိ တံတားတစင်းကျိုးပြီး ကုန်းလမ်းသွားလာ‌ရေး ပြတ်တောက်

ဇွန် ၂၃ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့နယ်မှာ မိုးရွာသွန်းမှုများပြီး ဥရုချောင်းရေ မြင့်တက်လာတဲ့အတွက် ဟုမ္မလင်း – နမ့်တောသွား ကားလမ်းမပေါ်က ကွန်ကရစ်တံတားတစင်း၊ ဒီကနေ့ ဇွန် ၂၃ ရက်၊ မနက်ပိုင်းက ရေတိုက်စားကာ ကျိုးပျက်မှုဖြစ်ပေါ်ခဲ့ပြီး ကုန်းလမ်းခရီး သွားလာ‌ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပင်းမခေါ် – နောင်ပိုအောင် – နမ့်တော လမ်းပိုင်းမှာရှိတဲ့ တံတားတစင်း ကျိုးတာ။ ဒီတံတားက အဓိကကျတဲ့ တံတားပဲ။ ကားတွေသွားလို့ရတဲ့နေရာ၊ ဒီတနေရာပဲရှိတာ။ အခု တံတားကျိုးသွားတော့ ကားတွေ သွားလို့မရတော့ဘူး။ ရေတွေကလည်း ဆက်ပြီးတက်နေသေးတော့ တံတား ပြင်ဖို့ရာလည်း အဆင်မပြေသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီတံတား တည်ရှိရာလမ်းပိုင်းဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ အဓိက လမ်းကြောင်းဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ ကုန်းလမ်းခရီး သွားလာလို့ မရတော့တာကြောင့် ဒေသခံတွေအနေနဲ့ ရေလမ်းကိုသာ အသုံးပြုနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“တံတားကျိုးသွားတာက ရေမကြီးဘူးဆိုရင် ကွင်းလမ်းကနေ ကားသွားလို့ရတယ်။ အခုက ရေတွေကလည်း ဆိုင်းတောင်၊ ဖားကန့်ဘက်ကနေလာတဲ့ ရေတွေက တအားများတာဆိုတော့၊ ဥရုချောင်းဆိုတာကလည်း နမ့်တောတို့၊ နောင်ပိုအောင်တို့၊ ပင်းမခေါ်တို့ဘက်ကို စီးတာလေ။ မိုးကလည်း ရွာ၊ ရေကလည်း များ ဆိုတော့ ကုန်းလမ်းကနေဆို ဘယ်ကမှကို သွားလို့မရတော့ဘူး။ လောလောဆယ်ကတော့ စက်လှေတွေနဲ့ပဲ သွားလို့လာလို့ ရတော့တယ်” လို့ သူက ပြောပါတယ်။
အခုလို ဒေသအတွင်း ရေကြီးမှုဒဏ် ဆိုးရွားလာတာဟာ ဥရုချောင်းထဲ ရွှေမျှောလုပ်ငန်းလုပ်တာ၊ ကျောက်တူးတာ၊ မြေကြီး သွန်ချတာတွေကြောင့်ဖြစ်ပြီး ချောင်းရေ လွပ်လပ်စွာ မစီးဆင်းနိုင်တော့ဘဲ ပိတ်ဆို့မှုတွေဖြစ်ပေါ်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်၊ ပျက်စီးလာတာတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဥရုချောင်းရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း၊ ကမ်းနံဘေးရှိ ရွာချင်းဆက်လမ်းတွေနဲ့ မြေနိမ့်ပိုင်းရှိ နေအိမ်တချို့ ဇွန် ၁၉ ရက်နေ့မှ စတင်ကာ ရေနစ်မြုပ်လျက်ရှိပြီး ဒီကနေ့အချိန်အထိ ရေပြန်လည် ကျဆင်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ချောင်းကမ်းနံဘေးရှိ မြေနိမ့်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ နောင်ပါ၊ နောင်ခမ်း၊ နောင်ခဲ၊ တုမ်ခမ်၊ နောင်တော၊ မာလုံ၊ နမ့်စကား၊ ပေါက်ပင်၊ နောင်ပိုအောင်စံပြ၊ သဖန်းကုန်းနဲ့ အောက်ဟဲခမ်း ကျေးရွာတွေမှာ ရေဝင်ရောက်နေတာဖြစ်ပြီး လက်ရှိမှာ မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်သလို ဥရုချောင်း အထက်ပိုင်းက ရေတွေ ကျဆင်းလာပါကလည်း ရေပိုမို မြင့်တက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိမှာ ဥရုချောင်း အထက်ပိုင်းမှာရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေလျှံတက်လာတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အပြင် မြေပြိုကျမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြီးမှု၊ မြေပြိုကျမှုတွေကြောင့် လူသေဆုံးမှုတွေလည်း ရှိနေတာမှာ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်၊ မနက်ပိုင်းက ဖားကန့်၊ အေးမြသာယာရပ်ကွက်မှာ တောင်ခြေ မြေပြိုကျပြီး နေအိမ်တလုံးပေါ် ပိခဲ့တဲ့အတွက် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့သလို ဇွန် ၁၆ ရက်နေ့ကလည်း ကုဋေမှော်ရွာအနီးမှာ တောင်ကျရေ စီးဆင်းမှုနဲ့အတူ လူတယောက် မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖားကန့်မြို့က ရပ်ကွက်အများအပြား၊ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ကူညီရေးအဖွဲ့‌တွေအနေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရကာ ကယ်ဆယ်ရေးစခန်းတွေ မဖွင့်လှစ်ရသေးတာကြောင့် ရေဘေးသင့်သူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ ယာယီ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW