ဇွန် ၂၃ – ၂၀၂၆
SS (VOM)
လက်ရှိအစိုးရသစ် လက်ထက်မှာ ပါတီအသစ်စုဖွဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကို မှတ်ပုံတင် ပြန်လည် လျှောက်ထားသွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောပါတယ်။
“ခမောက်ပါတီ” လို့ လူသိများတဲ့ NDF ပါတီကို သတ်မှတ်ကာလအတွင်း ပါတီဝင်ဦးရေ သတ်မှတ်ချက် မပြည့်မီတဲ့အတွက် ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် ရက် ၁၀၀ ကျော်အလို၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာချက်အမှတ် ၉၅ /၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
NDF ပါတီအနေနဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မတိုင်မီ ပါတီဝင်ဦးရေ ရှစ်သောင်းရှစ်ထောင် ရှစ်ရာ့နှစ်ဆယ်နဲ့ မြို့နယ်ရုံးခန်း ၁၁၇ ရုံး စာရင်းကို UEC ထံ ပေးပို့ တင်ပြခဲ့ပေမယ့် သတ်မှတ်ပါတီဝင်ဦးရေ ငါးသောင်း မပြည့်မီတာကြောင့် ပါတီ ပယ်ဖျက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပါတီအသစ် ပြန်လည်စုဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ ဦးထက်အောင်ကျော်က ပြောပါတယ်။
“NDF ပါတီ ဖျက်သိမ်းခံလိုက်ရတော့ ကျန်တဲ့ နိုင်ငံရေးပါတီ အင်အားစုတွေ တော်တော်များများနဲ့ ကျွန်တော်တို့ စကားပြောဖြစ်တယ်။ ဒီအင်အားစုတွေ အကုန်လုံး စုစည်းပြီးတော့ ပါတီအသစ်တရပ် ထောင်မယ်ပေါ့။ အမှန်တကယ်ကကျတော့ NDF ပါတီ ရှိနေရင်လည်း NDF ပါတီနဲ့ ပူးပေါင်းပြီးတော့ ဒီပါတီအတိုင်း သွားမှာပေါ့။ သို့ပေမယ့် ပါတီက ဖျက်သိမ်းခံလိုက်ရတယ်၊ ပြီးတော့ တခြား အင်အားစုတွေလည်း အများကြီး ပါဝင်လာမှာ ဖြစ်တဲ့အတွက် ပါတီပြန်ထောင်ဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့ နာမည် အသစ်တခုနဲ့ပဲ သွားမလားပေါ့။ မူဝါဒတွေကလည်း NDF ပါတီရဲ့ နဂိုရှိရင်းစွဲ မူဝါဒက တခုကိုး။ အဲဒီမှာ ကျန်တဲ့ အင်အားစုတွေ ပါလာမယ့်အခါကျတော့ ဘယ်လိုမူဝါဒတွေနဲ့ သွားမလဲဆိုတာက ညှိနှိုင်းရမယ့် အစီအစဉ်တွေလည်း အများကြီး ပါလာမှာပေါ့” လို့ သူက ပြောပါတယ်။
ဒီနေရာမှာ ပါတီနာမည်အသစ် ဆိုတဲ့ ကိစ္စရပ်အနေနဲ့ ဖျက်သိမ်းခံရပြီးဖြစ်တဲ့ ပါတီရဲ့ မူလနာမည်နဲ့ အမှတ်တံဆိပ်ကို အသုံးပြုခွင့် မပေးတော့ဘူးလို့ UEC က မူဝါဒ ချမှတ်ထားတာရှိပေမယ့် လက်ရှိ တက်လာတဲ့ အစိုးရသစ်လက်ထက်၊ UEC အသစ် လက်ထက်မှာ မူဝါဒပြောင်းကာ နဂို ပါတီအမည်ကို သုံးစွဲခွင့်ပေးမယ် ဆိုပါကလည်း ပါတီဝင်အားလုံး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“UEC က မူလနာမည်နဲ့တော့ ခွင့်မပြုတော့ဘူးလို့တော့ ပါတယ်ပေါ့။ ကျွန်တော်တို့ကလည်း မူလနာမည်နဲ့ ပြန်လျှောက်မယ်တို့၊ နာမည်အသစ်နဲ့ လျှောက်မယ်တို့ ဆိုတဲ့ ကိစ္စတွေက အကုန်လုံးက ညှိနှိုင်းသွားရဦးမှာ။ UEC က နဂိုနာမည်အတိုင်း သုံးစွဲခွင့် ပြုတယ်ဆိုရင်တောင်မှ ဒါတွေက ကျွန်တော်တို့အနေနဲ့ သေသေချာချာလေးကို ဆွေးနွေးပြီးတော့မှ အားလုံးရဲ့ သဘောတူညီချက်နဲ့ပဲ သွားကြမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ပါတီပြန်လည် စုဖွဲ့ဖို့၊ မှတ်ပုံတင်ဖို့ ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပါတီတခု တည်ထောင်တယ်ဆိုတာဟာ လွယ်ကူတဲ့ကိစ္စရပ် မဟုတ်ဘဲ၊ လူအင်အား၊ ငွေရေးကြေးရေးအပြင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းကိုပါ ထည့်တွက်ရမှာဖြစ်တာကြောင့် ပါတီမှတ်ပုံတင်မယ့်ရက်ကို အတိအကျ မသတ်မှတ်ရသေးဘဲ အားလုံး ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
NDF ပါတီဟာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် UEC ကို ပါတီဝင်ဦးရေ ရှစ်သောင်းကျော် စာရင်းတင်ခဲ့တာ ဖြစ်ပေမယ့် စိစစ်ချက်အရ texting error တွေလည်း ရှိခဲ့သလို၊ မှတ်ပုံတင်နံပါတ်၊ မွေးသက္ကရာဇ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) ကုဒ် အစရှိတဲ့ လွဲမှားမှုမျိုးတွေ ဖြစ်ခဲ့တာကြောင့် စာရင်း မပြည့်စုံတာတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ပါတီ ဖျက်သိမ်းခံချိန်မှာ ပါတီတည်ထောင်သူ နာယကကြီးဖြစ်သူ ဦးခင်မောင်ဆွေရဲ့ မေတ္တာရပ်ခံချက်အရ NDF ပါတီတာဝန်ရှိသူတွေဟာ UEC ထံ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က အယူခံ/အသနားခံစာ တင်ပြခဲ့ပေမယ့် UEC ဘက်မှ ရွေးကောက်ပွဲဥပဒေအရ ပြင်ဆင်လို့မရကြောင်း၊ အယူခံဝင်ခွင့် လုံးဝမရှိကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
NDF ပါတီ ပယ်ဖျက်ခံရတာနဲ့အတူ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့တဲ့ ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် သတ်မှတ်ချက် မပြည့်မီတဲ့အတွက် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။
Photo – CJ
