ဝန်ထမ်းနဲ့ အလုပ်သမားတွေကို ခေတ်ကာလနဲ့ညီတဲ့ လစာနူန်ထားတိုးမြှင့်သတ်မှတ်ပေးဖို့လို

ဇွန် ၂၃ ၊ ၂၀၂၆
GG (VOM)
အစိုးရဝန်ထမ်းတွေ ၊ပုဂ္ဂလိက ဝန်ထမ်း ၊ စက်ရုံ အလုပ်ရုံဝန်ထမ်း အပါအဝင် စတဲ့ အလုပ်သမားတွေရဲ့ လက်ရှိရရှိနေတဲ့ လစာနူန်းထားက မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတာကြောင့် လစာကို တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာနေပါတယ်။
အခု ရရှိနေတဲ့ အခြေခံ လုပ်ခလစာနူန်းထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေခံစားသောက်ကုန် ကုန်စျေးနူန်းနဲ့ ယှဥ်ရင် မိသားစုစားဝတ်နေရေး မလောက်ငှတာကြောင့် လစာနူန်းထားကို တိုးမြှင့်ပေးဖို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။
” အလုပ်မရှိလို့ ကိုယ့်နယ်မှာပဲ ကိုယ်လုပ်မယ်ဆိုတော့ ဖုန်းဆိုင် ၊အဝတ်ဆိုင် စျေးဆိုင်တွေမှာ အရောင်းဝန်ထမ်းပဲရမယ်။ တချို့ အရက်ကုမ္ပဏီလုပ်တာရှိတယ်။ အလုပ်ချိန်က ည ၈ နာရီထိရှိတော့ မပြေပြန်ဘူး ။လစာကျတော့လည်း အရောင်းဝန်ထမ်းက ၁၈၀၀၀၀ ကနေ ၂၅၀၀၀၀ အများဆုံးပဲ ။ ဖြန့်ချီရေးသမားတို့ဘာညာပဲ ၃သိန်းကျော်လောက်ရတယ်။ လူလွတ် အိမ်ထောင်မရှိသူတောင် အဲဒီလစာနဲ့က မပြေဘူး ။ အိမ်ထောင်ရှိ ကလေးပါရှိဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး ။မပြေလို့ ရန်ကုန်က အထည်ချုပ်စက်ရုံ သွားလုပ်တော့လည်း အကုန်ပေါင်းမှ ၃ သိန်းခွဲလောက်ရတယ်။ နေစရိတ် ၊စားစရိတ်နဲ့ အသုံးစရိတ်နူတ်ရင် ဘာမှမကျန်တော့ အဆင်မပြေဘူး ။ အဲဒါကြောင့် တလကို ၅ သိန်းလောက်ရမှ အလုပ်သမားတွေ အဆင်ပြေရုံရှိမှာပါ ။ “လို့ စက်ရုံ ဝန်ထမ်းတယောက်က ပြောပါတယ် ။
အခြေခံစားသောက်ကုန် ကုန်စျေးနူန်းတွေဟာ တနှစ်ထက်တနှစ် ပိုပြီးမြင့်တက်လာသလို ဆေးဝါးတွေ ၊ အိမ်သုံးပရိဘောဂ ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကုန်ကျစရိတ် စတဲ့ ကုန်ကျစရိတ်အားလုံး မြင့်တက်လာပေမယ့် ဝန်ထမ်းတွေ ၊အလုပ်သမားတွေရဲ့ လုပ်ခလစာကတော့ နည်းနေတာကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲလာနေတဲ့အတွက် လစာတိုးပေးဖို့ လိုအပ်လာတယ်လို့ ​ပြောကြပါတယ် ။
လက်ရှိမှာ ဝန်ထမ်း ၊ အလုပ်သမားတယောက်ရဲ့ အများဆုံးရရှိတဲ့ လစာဟာ တသိန်းရှစ်သောင်း ကျပ် ဝန်းကျင်ကနေ သုံးသိန်းငါးသောင်းကျပ်က အများဆုံး ပမာဏဖြစ်ကြောင်း ၊ အဲဒီပမာဏက ခုဖြစ်ပေါ်နေတဲ့ ကုန်စျေးနူန်းအရ မိသားစုတွေ အဆင်မပြေတော့တာ ကြာပြီဖြစ်တယ်လို့ သိရပါတယ် ။
” အခု အလုပ်မှာ မန်နေဂျာပါ ။ လစာက ၅ သိန်းနီးပါးရတယ်။ အလုပ်က ရန်ကုန်မှာ လာလုပ်ရတာဆိုတော့ အခန်းငှားရတယ်။ စားစရိတ်နဲ့ အသုံးစရိတ်နဲ့ဆိုတော့ တလတသိန်းတောင် မနည်းချန်ပြီး အိမ်ကို ပြန်ပို့ရတယ်။ နယ်က အိမ်မှာက ကလေးနဲ့ သူ့အဖေကို ထားခဲ့တာ ။ တသိန်းနဲ့ အိမ်ကလည်း အဆင်မပြေတော့ ဒုက္ခရောက်တာပေါ့။ လစာ ငါးသိန်းသာရတာ ဝယ်ရတဲ့ ပစ္စည်းတွေ က အကုန်စျေးတက်တော့ မငတ်ရုံတမယ်ပဲ ။ တခြားအလုပ်တွေလိုက်ရှာတော့လည်း ဒီအလုပ်ထက်တောင်ဆိုးနေတော့ ကြိတ်မှိတ်လုပ်နေရတာ ။ မိသားစုရှိတဲ့ သူတွေဆို ငါးသိန်းရတောင်မလောက်တဲ့ အခြေအနေပါ ။ ” လို့ ရန်ကုန်က အလှကုန်ပစ္စည်း ဖြန့်ချီရေးမှာ လုပ်ကိုင်နေသူ မမျိုးမျိုးက ပြောပါတယ်။
အစိုးရဝန်ထမ်းတွေထဲမှာဆိုရင်လည်း ရာထူးသိပ်မမြင့်တဲ့ အောက်ခြေဝန်ထမ်းတွေအနေနဲ့ ရရှိတဲ့ လစာနဲ့ မလောက်ငှတာကြောင့် မိသားစု စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။
ဒါကြောင့် တချို့သော ဝန်ထမ်းတွေကတော့ အားလမ်းချိန်မှာ အပိုဝင်ငွေရရှိနိုင်မယ် တနိုင်တပိုင် အလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။
” လစာက ၃ သိန်းကျော်ရပါတယ်။ ဒါပေမယ့် မလောက်ဘူး ။ တနေ့ စားသောက်စရိတ်ကတင် ၁၅၀၀၀ လောက်ကုန်တယ်။ ကလေး ကျောင်းစရိတ်နဲ့ ကျန်တဲ့ အသုံးအဆောင် လူမှုရေးကိစ္စ ၊သာရေး နာရေး အတွက် မပါသေးဘူး ။ ဝန်ထမ်းဖြစ်လို့ ဘေးကြားပေါက် ဝင်ငွေလည်း မရပါဘူး။ လစာနဲ့မလောက်တော့ တနိုင်တပိုင် ဟင်းချက်ရောင်းတာ ၊ ဆပ်ပြာဆီ လုပ်ပြီးရောင်းတာ လုပ်ရတာပေါ့။ ဒီလို လစာမလောက်တာကို အထက်ကလူကြီးတွေလည်းသိကြမှာပါ ။ ပိုက်ဆံ တသိန်းက ဘာမှသိပ်ဝယ်လို့ရတော့တာ မဟုတ်ဘူးလေ ။ လစာတိုးပေးစေချင်ပါတယ်။ တိုးပေးဖို့လည်း တကယ်ကို လိုနေတဲ့အခြေအနေပါ ။ ” လို့ အစိုးရဝန်ထမ်း တယောက်က ပြောပါတယ်။
အစိုးရဝန်ထမ်းတွေထဲမှာဆိုရင် လစာနည်းတာကြောင့် ကျောင်းဆရာမ တချို့ဟာ ကျူရှင်သင်ပြီး အပိုဝင်ငွေ ရှာကြသလို ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေဆိုရင်လည်း ပြင်ပဆေးရုံ ဆေးခန်းတွေမှာ ဆေးကုသတာတွေ ပြုလုပ်တာတွေ ရှိနေပါတယ်။
” လစာက ၂ သိန်းကျော်ရတယ် ။ ထောက်ပံ့ကြေးအပါပေါ့ ။ မလောက်ဘူးလေ ။ အိမ်မှာ သားအမိနှစ်ယောက်ပဲရှိတာတောင်မလောက်ဘူး ။ ကျူရှင်သင်လားဆိုရင် သင်ပါတယ်။ ကျွန်မတို့က ရွာဖြစ်လို့ မြို့ပေါ်လို ပမာဏ အများမရပါဘူး ။ကျောင်းသားတယောက်ကို ကျူရှင်ခက တလမှ ၁၀၀၀၀ အများဆုံးပါပဲ။ ကလေးတွေကို မတက်မနေရ မပြောထားပါဘူး ။ ကျောင်းမှာလည်း ဒီတိုင်းပဲသင်တာပါ။ ကျူရှင်ဖွင့်လို့ ကျောင်းမှာ ခိုကပ်ပြီး သင်တာမျိုးမရှိပါဘူး ။ ” လို့ ကျေးရွာက ကျောင်းဆရာမ တယောက်က ပြောပါတယ်။
ကျန်တဲ့ ရာထူးအကြီးပိုင်းထဲက ဝန်ထမ်းတချို့ဆိုရင် လုပ်ငန်းနယ်ပယ်အလိုက် သက်ဆိုင်ရာ ကဏ္ဍအလိုက်မှာ အခြားနည်းလမ်းနဲ့ ငွေကြေးဝင်ရောက်မှုရှိနေတာကြောင့် လစာရရှိမှု မများပေမယ့်လည်း လစာတိုးပေးဖို့အပေါ် အစိုးရကို တောင်းဆိုတာမျိုး တွေ့ရှိရတာ အလွန်နည်းတယ်လို့ သိရပါတယ်။
အစိုးရကတော့ ဝန်ထမ်းတွေအနေနဲ့ လာဘ်စားတာ ၊ လာဘ်ပေးလာဘ်ယူလုပ်တာတွေ ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ ဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှု ၊ လာဘ်ပေးလာဘ်ယူလုပ်တာတွေကို နည်းပါးသွားစေဖို့အတွက် အစိုးရဝန်ထမ်းလစာကို ခေတ်နဲ့အညီ သတ်မှတ်ပေးဖို့လိုပြီး အရေးယူမှုအပိုင်းကို ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ဝန်ထမ်း​တွေက​ပြောကြပါတယ်။
ဓာတ်ပုံ – CJ လုပ်ခတိုးမြင့်ဖို့ ဆန္ဒထုတ်​ဖော်​နေတဲ့ အလုပ်သမားများ ပုံ​ဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW