ဇွန် ၂၇၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ လိုင်ဇာနဲ့ မိုင်ဂျာယန်ကြား ဒေသတွေမှာ မြေရှားသတ္တု (Rare Earth) တူးဖော်မှု အရှိန်မြင့်လာတာကြောင့် တောင်တန်းတွေ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး သစ်တောပြုန်းတီးတာ၊ ရေအရင်းအမြစ် ညစ်ညမ်းလာတာနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေနဲ့ အဲဒီလုပ်ငန်းခွင်မှာ လုပ်ကိုင်ဖူးသူတွေက VOM ကို ပြောပါတယ်။
ဒေသခံတဦးကတော့ မိုင်ဂျာယန်အနီး တောင်တန်းတွေကို အပေါက်အများအပြား ဖောက်ပြီး အက်ဆစ်လောင်းကာ မြေရှားသတ္တု ထုတ်ယူနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုက အရင်နှစ်တွေထက် ပိုဆိုးလာတယ်လို့ ပြောပါတယ်။
“မိုင်ဂျာယန်ရဲ့ အပေါ်ဘက်မှာ မြေရှားတူးတာ ရက်ရက်စက်စက်ပဲ။ တောင်ကို ဖောက်ပြီး အက်ဆစ်လောင်းတယ်။ အဲဒီအက်ဆစ်ရည်တွေကို အောက်မှာ ကန်တွေနဲ့ခံပြီး ပိုက်လိုင်းကနေ ပြန်ယူပြီး သူတို့လိုချင်တဲ့ သတ္တုကို ထုတ်ယူကြတာ။ တောင်တွေက ဇကာပေါက်လို ဖြစ်ကုန်ပြီ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် လိုင်ဇာ-မိုင်ဂျာယန် ကွန်ကရစ်လမ်း တည်ဆောက်တာဟာလည်း မြေရှားသတ္တု တူးဖော်ရေးနဲ့ ဆက်နွယ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပြီး အဲဒီဒေသမှာ တရုတ်လုပ်ငန်းရှင်တွေ အဓိက ဝင်ရောက်လုပ်ကိုင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
“အပေါ်မှာ ဇကာပေါက်လို ဖောက်ပြီးတော့ အက်ဆစ်လောင်းချ၊ အက်ဆစ်လောင်းချပြီးတော့ အောက်မှာ ပိုက်နဲ့ ပြန်ခံထားတယ်။ အဲဒီရေကနေ သူတို့ ပြန်ချက်။ သူတို့ လိုချင်တဲ့ ဟာပဲ” လို့ နယ်စပ်ကုန်သည် တယောက်က ပြောပါတယ်။
အရင်တုန်းကတော့ အဲဒီ ဒေသတွေမှာ သစ်လုပ်ငန်းတွေ နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကြပေမယ့် လက်ရှိမှာတော့ သစ်တွေ မရှိတော့တဲ့ အပြင် မြေရှားသတ္တု တူးဖော်မှုကြောင့် တောင်တွေလည်း ပျက်ကုန်ပြီ လို့ သူက ပြောပါတယ်။
မြေရှားသတ္တုသိုက်တွေဟာ ပန်ဝါ၊ မိုင်ဂျာယန် အထက်ဘက် အင်ခေါင်း၊ နမ့်ဘာဒေသတွေကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မန်တုံ၊ လားရှိုး၊ မိုင်းရယ်နဲ့ “ဝ” ဒေသအထိ ဆက်စပ်တည်ရှိနိုင်တယ်လို့ သူကပြောပါတယ်။ နေရာတချို့မှာ တူးဖော်ဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတချို့ကတော့ မြေရှားသတ္တု တူးဖော်မှုကြောင့် အနီးပတ်ဝန်းကျင် ရေထွက်တွေ ညစ်ညမ်းလာပြီး ကျန်းမာရေး ထိခိုက်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
မြေရှားသတ္တုကို ဓာတုအက်ဆစ်သုံး ထုတ်ယူတဲ့ လုပ်ငန်းစဉ်ဟာ မြေဆီလွှာနဲ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေပြီး၊ စွန့်ပစ်ရေကနေ Heavy Metals နဲ့ အခြားအဆိပ်အတောက်တွေ ပတ်ဝန်းကျင်ထဲ ပျံ့နှံ့နိုင်ကြောင်း၊ နိုင်ငံတကာ သုတေသနအများအပြားမှာ ဖော်ပြထားပါတယ်။
Photo Crd# နယ်စပ်ဒေသခံ
