ကိုယ်ပိုင်အထက်တန်းကျောင်း တချို့မှာ အတန်းကျော် မသမာမှုတွေ ရှိနေ

ဇွန် ၂၉ – ၂၀၂၆
SS (VOM)
တိုင်းဒေသကြီးတချို့က ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တချို့မှာ Grade – 10 အောင်မြင်ပြီးတဲ့နောက် Grade – 11 ကို ဆက်မတက်ဘဲ အတန်းကျော်ကာ Grade – 12 ကို တက်ရောက်ခွင့်ပေးနေတဲ့ မသမာမှု ပြုလုပ်နေတာမျိုးတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အဲဒီလို ပြုလုပ်နေတာတွေဟာ ကိုယ်ပိုင်ကျောင်း အတော်များများမှာ ရှိနေတာဖြစ်ပြီး Grade – 10 အောင်မြင်ပြီဆိုပါက Grade – 11 စာကို အနည်းငယ်လောက်သာ သင်ပေးပြီး Grade – 12 ကို အလွယ်တကူ တက်ရောက်ခွင့် ရနေတာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီလိုဖြစ်နေတာ တော်တော်ကို ကြာနေပြီ။ အခုနောက်ပိုင်းက ပိုဆိုးလာတာပေါ့။ Grade – 11 စာကို စတိလောက်ပဲ သင်ပေးပြီး အချိန်ကို ခိုးယူလိုက်တာ၊ Grade – 12 တက်ခိုင်းတာ။ Grade – 12 မှာ သင်ခန်းစာတွေကို ထပ်ကာ ထပ်ကာ ငါးခါလောက် revision ပြန်ပြန်ပြီး၊ လုပ်ခိုင်းတဲ့အခါကျတော့ စာတွေ ​ကျေညက်သွားတာပေါ့။ အဲဒီလိုနဲ့ပဲ Grade – 12 စာမေးပွဲကို ဝင်ဖြေပြီး အောင်သွားကြတာ။ ဒါပေမယ့် အခြေခံက ပါမလာဘူး။ အခုလိုတွေ လုပ်နေတော့ ဒီ Grade – 11 က မလိုတော့သလို ဖြစ်နေတယ်။ ကိုယ်ပိုင်ကျောင်း တော်တော်များများက ပညာရေးကို ခုတုံးလုပ်ပြီး ပိုက်ဆံရှာစားနေကြတာပေါ့။ ဒီလို လုပ်နေတာတွေက အစိုးရကျောင်းတွေက ကလေးတွေကို နစ်နာစေတယ်” လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
၂၀၂၅ – ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ချိန် နောက်ကျရတာကလည်း အခုလို မသမာမှုတွေရှိနေတဲ့အတွက် စိစစ်နေရတာတွေကြောင့် ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းထဲ သတင်းတွေလည်း ထွက်ပေါ်နေပြီး Grade – 11 မနေဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက Grade – 12 စာမေးပွဲကို အောင်မြင်နေတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ဒီလိုမျိုး လုပ်နေတာတွေက တကယ်တမ်း ပြန်ကြည့်ရင် ကာယကံရှင် ကလေးအတွက်လည်း မကောင်းဘူး။ နိုင်ငံအတွက်လည်း မကောင်းဘူး။ ဒီနှစ် အောင်စာရင်းမှာကို အဲဒီလို မသမာ လုပ်ထားတဲ့သူတွေ ပါလာတာရှိတယ်။ ပတ်ဝန်းကျင်မှာကိုပဲ မြင်နေ၊ တွေ့နေရတယ်။ အဲဒီတော့ ကလေးအတွက် ဒီအချိန်မှာရတဲ့ အောင်မြင်မှုက အပေါ်ယံဖြစ်နေတယ်။ တကယ့်အရည်အချင်းအစစ် မဟုတ်ဘူး။ တဖက်မှာကြည့်ရင်လည်း ငွေကြေးချို့တဲ့ကြတဲ့ မိဘအသိုင်းအဝိုင်းက ကလေးတွေအတွက် ပညာရေးက တန်းတူအခွင့်အရေး မပေးတော့သလို ဖြစ်နေတယ်” လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
ဒါကြောင့် အဲဒီလို အတန်းကျော် မသမာမှုတွေ ပြုလုပ်နေတဲ့ ကိုယ်ပိုင်ကျောင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အသေအချာ စိစစ်မှုတွေ ပြုလုပ်သင့်ပြီး စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတဲ့ ကျောင်းတွေကို ခွင့်ပြုမပေးသင့်တော့ဘူးလို့ သူက ပြောပါတယ်။
အခုလို မသမာမှုတွေဟာ ကိုယ်ပိုင်ကျောင်း အားလုံးနီးပါးလိုလိုမှာ ဖြစ်နေတာလို့သိရပြီး နောက်ဆက်တွဲ ရလဒ်အနေနဲ့ကတော့ အစိုးရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ အတော်များများဟာ Grade – 10 အောင်မြင်ပြီဆိုတာနဲ့ ကျောင်းထွက်လာကြတာတွေ ဖြစ်လာကာ တနှစ်ထက်တနှစ် ကျောင်းထွက်နှုန်း ပိုများလာတယ်လို့ သိရပါတယ်။
“အစိုးရကျောင်းတွေက Grade – 10 ကနေ ဆက်တက်ရင် Grade – 11 စာတွေ သင်ရမှာလေ။ အဲဒီတော့ အစိုးရကျောင်းက ထွက်ပြီး ပုဂ္ဂလိကကျောင်းကို ပြောင်းကြတာ များလာတယ်။ Grade – 11 က အတန်းပိုကြီးလို ဖြစ်နေတယ်။ ဒါက ပညာရေးစနစ် ယိုယွင်း ပျက်စီးနေတယ်ဆိုတာကို ပြနေတာပဲ” လို့ နောက်ထပ် ကျောင်းသားမိဘတယောက်က ပြောပါတယ်။
မနေ့ ဇွန် ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ရလဒ်အရ ကိုယ်ပိုင်အထက်ကျောင်းတွေက အောင်ချက် ရာခိုင်နှုန်း ပိုမို ကောင်းမွန်နေတာကို တွေ့ရပြီး Top – 10 စာရင်းမှာလည်း ကိုယ်ပိုင်ကျောင်းက ကျောင်းသား၊ ကျောင်းသူ အများစု ပါဝင်နေတာကို တွေ့ရပါတယ်။
“ပညာရေးမှာ စိစစ်ပြီးမှ ဝင်ခွင့်စာမေးပွဲဖြေတယ်ဆိုတာ နိုင်ငံတော်က သတ်မှတ်ထားတာမရှိဘူး။ ပညာရေးဆိုတာ တော်တဲ့သူပဲဖြစ်ဖြစ်၊ အလယ်အလတ်ပဲဖြစ်ဖြစ်၊ ညံ့တဲ့သူပဲဖြစ်ဖြစ်၊ မသန်စွမ်းပဲဖြစ်ဖြစ် အကုန်လုံးက ကျောင်းသား၊ ကျောင်းသူ ကိုယ့်ကလေးတွေပါပဲ။ အဲဒါမှ ပညာရေးစစ်စစ်ဖြစ်တယ်။ တော်တဲ့သူတွေကို စစ်ထုတ်ပြီးမှ ငါးဘာသာ ဂုဏ်ထူးက ဘယ်နှစ်ယောက်၊ ခြောက်ဘာသာဂုဏ်ထူးက ဘယ်နှစ်ယောက် ဆိုတာမျိုးက ပညာရေးစစ်စစ် မဟုတ်ပါဘူး။ လူတိုင်းက မွေးကတည်းက မတော်ပါဘူး။ လူဆိုတာ တော်ဖို့အတွက် မွေးဖွားလိုက်တာ မဟုတ်ပါဘူး။ လူသား ပီသဖို့ပဲ လိုပါတယ်။ တိုင်းပြည်အတွက် လူကောင်းတွေ ရှိနေဖို့က ပိုရေးကြီးပါတယ်။ လူလည်တွေ မလိုပါဘူး” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ကိုယ်ပိုင်ကျောင်းတချို့မှာ အခုလို Grade – 10 ကနေ Grade – 11 ကို ဆက်မတက်ရဘဲ Grade – 12 ကို အတန်းကျော် တက်ရောက်ခွင့် ပြုနေတာနဲ့ပတ်သက်လို့ ဒီအကြောင်းအရာကို သိရှိခြင်း ရှိ၊ မရှိ ပညာရေးဝန်ကြီးဌာနထံ VOM က မနေ့ ဇွန် ၂၈ ရက်က မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW