ကသာ – နဘားလမ်းပိုင်း ပိတ်နေတာ ငါးရက်အထိရှိလာလို့ ကြက်သားပေါက်တွေသေပြီး ကုန်ပစ္စည်းတွေပျက်စီးမှုရှိလာ၊ ကားသမားနဲ့ခရီးသွားတွေလည်း ဒုက္ခရောက်နေ

ဇူလိုင် ၄ ၊၂၀၂၆
CC (VOM)
မြစ်ကြီးနား – ကသာ – နဘားလမ်းပိုင်း ပိတ်နေတာ ငါးရက်အထိကြာမြင့်လာတာကြောင့် ပိတ်မိနေတဲ့ ကားသမားတွေ ဒုက္ခရောက်နေသလို ကုန်ပစ္စည်းတချို့လည်း ပျက်စီးမှုတွေ ဖြစ်ပေါ် နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
အင်းတော်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဇွန် ၃၀ ရက်နေ့ကစပြီး ဒီကနေ့ ဇူလိုင် ၄ ရက်နေ့အထိ ကသာ – နဘား လမ်းပိုင်းမှာ ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာဖြစ်ကြောင်း ၊ အဲဒီထဲကမှ ပန်းတွေ ၊ ခရမ်းချဥ်သီး ၊ ကြက်သွန် ၊ကွမ်းရွက် ၊ ကြက်ပေါက် အပါအဝင် စတဲ့ အထားမခံတဲ့ ကုန်ပစ္စည်းတွေ ပျက်စီးမှုဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ကုန်စိမ်းတွေ အများစုပျက်စီးတာပေါ့ ။ ပန်းတွေဆိုလည်း ပျက်စီးလို့ လွှင့်ပစ်ရတယ် ။ ကသာမှာပဲချရောင်းနေကြရတယ်။ ခရမ်းချဥ် တွေရောပဲ။ကွမ်းရွက်တွေဆိုလည်း နေပူမိ အကုန်ပျက်စီးတာတွေ့ရတယ်။ မိုးညှင်း ၊မြစ်ကြီးနားဘက်သွားမယ့်ကားတွေ အကုန်လုံး ကသာမှာ ပိတ်မိနေကြတယ်။ ကားသမားတွေလည်း ရက်ကြာလာတော့ ဒုက္ခရောက်နေကြတယ်။ စရိတ်မလောက်တာတွေကြုံရတယ်။ ခရီးသွားတွေဆိုလည်း ခက်ခဲကုန်တာပေါ့။ကသာမှာ သောင်တင်နေသလို ဖြစ်နေကြတာ ။ကြက်ပေါက်တွေလည်း သေကြတယ်။ ” လို့ ကသာ ဒေသခံက ပြောပါတယ် ။
မိုးညှင်း ၊မြစ်ကြီးနားဘက်ကို သွားမယ့် ကုန်ကားနဲ့ ခရီးသည်တင်ကားတွေ ကသာမြို့မှာ ပိတ်မိနေကြသလို အဲဒီမြို့တွေကနေ ကသာ ၊ ထီးချိုင့် ၊ မန္တလေးကို သွားမယ်ကားတွေလည်း နဘား မရောက်ခင်မှာ ပိတ်မိနေကြတယ်လို့ သိရပါတယ် ။
ကသာ နဲ့ ထီးချိုင့်မြို့အကြားက လမ်းပိုင်းတနေရာမှာလည်း လမ်းကို မြေတူးစက်နဲ့တူးပြီး ဖျက်ထားတာကြောင့် လတ်တလောမှာ ကသာကနေ ထီးချိုင့်ကို သွားလာလို့မရတဲ့အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ် ။
” ကသာနဲ့ ၁၀ မိုင်ကျော်လောက်မှာ လမ်းကို မြေတွေတူးပြီး ဖျက်ထားလို့ အခုထီးချိုင့်ကို သွားလို့မရဘူး။အဲဒီတော့ မန္တလေးလည်း သွားမရဘူး။အင်းတော်ဘက်ကတိုက်ပွဲကြောင့်လေ ကားတွေသွားမရဘဲ ပိတ်မိနေတာ ။ဇက်ကူးဆိပ်တွေလည်း သွားမရဘူး ။ အကုန်ဒုက္ခရောက်တာပေါ့။ ” လို့ ဒေသခံက ပြောပါတယ် ။
ဒီကနေ့ ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းအထိတော့ ကသာ – နဘားလမ်းပိုင်း သွားလာနိုင်ခြင်းမရှိသေးသလို အင်းတော်ကွင်းလမ်းပိုင်းတွေကလည်း ရွာစဥ်အလိုက်ပိတ်မိနေပြီး နန့်သဲ – မဲဇာကားလမ်းပိုင်းကလည်း အတက်အဆင်းပိတ်မိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အစိုးရ တပ်စစ်ကြောင်း တွေက မဲဇာရွာကို ထိန်းချုပ်လိုက်ပြီး စစ်ကြောင်းဆက်လက်ထိုးနေတယ်လို့ သိရပါတယ်။
အင်းတော်မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာထက်အနည်းက ဒေသခံတွေ စစ်ဘေးရှောင်နေကြရသလို ကျေးရွာတချို့မှာ နေအိမ်တွေ မီးလောင်ပျက်စီး မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နဘား လမ်းဆုံတိုက်ပွဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၆ ဘီးကုန်ကားတစီးနဲ့ အံစာတုံး ခရီးသည်တင်ကားတစီးတို့ ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW