ချောက်မြို့နယ်ထဲက စစ်ရှောင်တွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေ

ဇူလိုင် ၄ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း ၊ ချောက်မြို့နယ်ထဲက စစ်ဘေးရှောင် တွေအတွက် အကူအညီအထောက်ပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူ တွေဆီကသိရပါတယ်။
အဆိုပါမြို့နယ်ထဲမှာ စစ်ရှောင်နေရသူထောင်နဲ့ချီ ရှိနေပြီး စစ်ရှောင်ရတဲ့ကာလ ကြာမြင့်လာခြင်းကြောင့် အစားအစာ အပါအဝင် အကူအညီတွေလိုအပ်နေသလို ခုရက်ပိုင်းအတွင်းမှာမှ အရေးပေါ် စစ်ရှောင်နေရသူတွေအတွက်လည်း အကူအညီတွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ ချောက်မြို့နယ်ထဲ ဆူးတောရွာ၊ရွာမ ၊ ညောင်ဇင်ရွာ၊ လေးပင်ကုန်းရွာ၊ ညောင်ချောင်းရွာ၊ ချောင်းဦး၊ မကျီးကန်၊ ဝင်္ကဘာရွာ ၊ဇောင်းတောကန်ရွာ အပါအဝင် ကျေးရွာ ၁၀ ခုထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ် ။
” စစ်ရှောင်နေရတာ ဇွန်လကတည်းကဆိုတော့ ရှောင်စဥ်ကလည်း အရေးပေါ်ထွက်ခဲ့ရတော့ ဘာမှမယူနိုင်ခဲ့ကြဘူး ။ ခုထိလည်း ရွာဘက်ကို မပြန်နိုင်ကြသေးတော့ အကူအညီတွေ လိုအပ်တာပါ ။ အခုကမိုးတွင်းလည်းဖြစ်တော့ အမိုးအကာတွေ အဓိကလိုတယ်။ အစားအစာ ပေါ့။ စစ်ရှောင်ရတဲ့ ရက်ကြာလာလေ အကူအညီလိုအပ်ချက်က များလေပါပဲ ။ ” လို့ စစ်ရှောင်အရေးကူညီနေသူ ကပြောပါတယ်။
လက်ရှိ စစ်ရှောင်နေရတဲ့ ကျေးရွာတွေထဲက ဆူးတောရွာ၊ လေးပင်ကုန်းရွာ၊ ညောင် ချောင်းရွာနဲ့ ညောင်ဇင်ကျေးရွာတွေမှာ နေအိမ်တွေ ရာနဲ့ချီပြီးလည်း မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် နေအိမ်မီးလောင်သွားတဲ့ နေအိမ်ပိုင်ရှင်တွေအတွက်လည်း ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီအတွေ အဓိကလိုအပ်နေသလို စစ်ရှောင်တွေအတွက် အစားအစာ ၊ သောက်သုံးရေ ၊ ဆေးဝါး ၊ အမိုးအကာတွေ အဓိကလိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
” စစ်ရှောင်နေရတော့ ရွာထဲ လူတွေမရှိကြဘူး ။ အိမ်တွေမီးလောင်တာ မငြိမ်းနိုင်ကြဘူးပေါ့။ အိမ်တွေမီးလောင်လို့ ပြန်စရာ အိမ်တောင်မရှိတော့ဘူး ။အခုလည်း ကျွန်တော်တို့ မိဘတွေ စစ်ရှောင်နေရတုန်းပဲ ။ အကူအညီတွေ လိုအပ်နေတယ်။ အဓိက အမိုးအကာလိုတယ်။ စားစရာတွေ ၊ စောင်ခြင်ထောင်တွေလည်း လိုတယ်။ ” လို့ စစ်ရှောင်တွေကို ကူညီဖို့ လုပ်နေသူကပြောပါတယ်။
ချောက်မြို့နယ်ထဲက ကျေးရွာတွေဘက်ကို အစိုးရတပ်စစ်ကြောင်းက ဇွန်လ ၂၀ ကျော်လောက်ကစပြီး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာ ဖြစ်လို့ ဒေသခံတွေက တိုက်ပွဲ ဖြစ်မှာစိုးရိမ်တဲ့အတွက် စစ်ရှောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်က စစ်ကြောင်းထိုးစဥ်ကာလအတွင်းမှာ.ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ PDF တွေနဲ့ မြေပြင်ထိတွေ့ တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂၃ ရက် ၊ ဇွန် ၂၆ ၊ ဇွန် ၂၇ ရက်နေ့တွေမှာ စစ်ကြောင်းထိုးလာတဲ့ အစိုးရတပ်စစ်ကြောင်းကို ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း NUG ဘက်က သတင်းထုတ်ထားတာ တွေ့ရပါတယ်။
ချောက်မြို့နယ်၊ ကြားကာလဒေသန္တရပြည်သူ့အုပ်​ချုပ်ရေး ဖော်ဆောင်မှု ကော်မတီ၊ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကတော့ ချောက်မြို့နယ်အတွင်းက Non CDM ဝန်ထမ်းတွေအနေနဲ့ ဇွန် ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ဖို့လည်း သတိပေးထုတ်ပြန်ထားတာ တွေ့ရ ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW