ဇူလိုင် ၂၄-၂၀၂၆
KKA(VOM)
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတခုမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးရဲ့ မော်တော်ယာဉ်နဲ့ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်၊ သူ့ကို ရာထူးကနေ ပြောင်းရွှေ့ပြီး စစ်ဆေးနေပြီလို့ ဒီနေ့ ဇူလိုင် ၂၄ ရက်မှာ စုံစမ်းသိရှိရပါတယ်။
ဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ ဇူလိုင် ၁၃ ရက် ညပိုင်းကမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၃ လမ်းနဲ့ ၂၄ လမ်းထောင့်မှာ ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့တယ်။ အဲဒီယာဉ်တိုက်မှုဟာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ကိုယ်တိုင် မောင်းနှင်လာတဲ့ ယာဉ်ဖြစ်တယ်လို့ အခင်းဖြစ်နေရာ အနီးဝန်းကျင်မှာ နေထိုင်သူအချို့က ပြောဆိုကြပေမယ့် အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ တစုံတရာ အတိအကျ ပြောဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
“ဒီနားမှာ တိုက်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် အတိအကျတော့ မပြောရဲဘူး။ ပြဿနာကြား ကြားညှပ်မှာ ကြောက်လို့ပါ။”လို့ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာအနီးမှာ နေထိုင်သူ တဦးက ဆိုပါတယ်။
သတင်းမှန် စိစစ်ဖော်ထုတ်နိုင်ဖို့အတွက် VOM အဖွဲ့အနေနဲ့ ဖြစ်စဉ်ဖြစ်ပွားရာ နယ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ အမှတ် (၃) ရဲစခန်းကို ဇူလိုင် ၁၅ ရက်နေ့မှာ သွားရောက်မေးမြန်းခဲ့ပါသေးတယ်။ ဒါပေမယ့် စခန်းတာဝန်မှူးကတော့ ဒီယာဉ်တိုက်မှုဖြစ်စဉ်ကို မသိရှိကြောင်းနဲ့ အခင်းဖြစ်နေရာဟာ အမှတ် (၁) ရဲစခန်း နယ်မြေအပိုင်ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါကြောင့် အမှတ် (၁) ရဲစခန်းကို ဆက်လက်သွားရောက် စုံစမ်းခဲ့ရာမှာတော့ အဲဒီညက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ မှန်ကန်ပေမယ့် အမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့ (ယာဉ်မှုစစ်) ထံ အကြောင်းကြား လွှဲပြောင်းပေးခဲ့တာမို့ ယာဉ်မှုစစ်နဲ့ပဲ သက်ဆိုင်တော့ကြောင်း ရဲစခန်းတာဝန်မှူးက ပြောပါတယ်။
“ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မှုစစ် အဖွဲ့ကိုပဲ လွှဲပေးရတာပါတယ်။ သူတို့ပဲ ဆက်လက် ဆောင်ရွက်ကြတာပါ။”လို့ အမှတ် (၁) ရဲစခန်း တာဝန်မှူးက ပြောဆိုခဲ့ပါတယ်။
ဒါတင်မကသေးဘဲ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေကို သိရှိနိုင်ဖို့ မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ အခင်းဖြစ်ပွားတဲ့ ရက်စွဲ၊ နေရာ အချက်အလက်တွေနဲ့တကွ သွားရောက်စုံစမ်းခဲ့ပေမယ့် တိကျတဲ့ သတင်းအချက်အလက် မရရှိခဲ့ပါဘူး။ အလားတူ အခင်းဖြစ်ပွားရာနဲ့ အနီးဆုံးမှာရှိတဲ့ နန်းရှေ့ လူမှုကူညီရေးအသင်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲဒီနေ့က လူနာ ကောက်ယူမှုရှိပေမယ့် မည်သူတွေဆိုတာမသိဘူးလို့ သိရပါတယ်။
တိုက်ခံရသူက ဘယ်သူဘယ်ဝါဆိုတာ မသိရသလို၊ တိုက်သွားတဲ့ ယာဉ်ကလည်း ဘယ်ယာဉ်လဲဆိုတာ အတိအကျ မသိရတဲ့အတွက် ဆေးရုံကြီး အရေးပေါ်ဌာကို သွားရောက် သတင်းစုံစမ်းဖော်ထုတ်ပေမယ့်လည်း လူနာရဲ့နာမည် မသိတာကြောင့် လမ်းစပျောက်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ အဲဒီရက်က အစိုးရအဖွဲ့ရုံးကိုစုံစမ်းပေမယ့် ဝန်ထမ်းတွေကြား သတင်းသဲ့သဲ့သာကြားတယ်ဆိုတာသိရပြီး သတင်းမှန်ကို ဘယ်သူမှ ထုတ်မပြောကြပါဘူး။
ဒီနေ့တော့ နီးစပ်ရာ အုပ်ချုပ်ရေးပိုင်း လုံခြုံရေးပိုင်းတွေကို စုံစမ်းတဲ့အခါ ကားတိုက်ခံရတဲ့ အမျိုးသမီး ပြင်းထန်ဒဏ်ရာရတာမှန်ကန်ကြောင်းနဲ့ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး အပြောင်းအလဲဖြစ်တာမှန်ကြောင်း သိရပါတယ်။
အခုလို အာဏာပိုင် ဒါမှမဟုတ် တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် အမှုအချက်အလက်တွေ ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်ပေါင်း ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အမှုကို ထိန်ချန်ဖို့နဲ့ အမှုဖျောက်ဖို့ ကြိုးပမ်းတဲ့သဘော သက်ရောက်နေတာကလည်း ပြည်သူတွေအကြားမှာ စိုးရိမ်မကင်းစရာ ဖြစ်နေရပါတယ်။
ယာဉ်တိုက်မှုတွေ ဖြစ်ပွားလာရင် နစ်နာသူဘက်က အမှန်တရားအတိုင်း ပွင့်လင်းမြင်သာစွာ ပြောကြားပေးဖို့ လိုသလို၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။
