လူနာစောင့် မပါရင် လူနာကို​ဆေးရုံကြီးက လက်မခံလို့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စောင့်ပေးရတဲ့ကိစ္စ ဆေးရုံဘက်က ဖြေလျှော့ပေးဖို့လိုအပ်

မန္တလေး၊ ဇူလိုင်- ၂၄- ၂၀၂၆
SA(VOM)
ယာဥ်မတော်တဆမှု (accident) ဖြစ်စဥ်တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ပရဟိတ လူမှုကူညီရေးအသင်းတွေက ဆေးရုံတွေကို ပို့ဆောင်ပေးတဲ့အခါ လူနာရှင်မပါရင် ဆေးရုံက လက်မခံလို့ ကူညီပေးတဲ့အဖွဲ့တွေက လူနာရှင်လာတဲ့အထိ စောင့်ဆိုင်းပေးနေရတဲ့ အခက်အခဲတွေရှိနေတဲ့အကြောင်း မန္တလေးက လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
” လူနာစောင့်မပါရင် စောင့်ပေးရတယ်၊ လိုက်ရှာရတယ်၊ အတတ်နိုင်ဆုံး နီးနိုင်တဲ့ အသင်းချင်း အသင်းချင်းချိတ်ဆက်ပြီးတော့ မြို့နယ်ရရင် မြို့နယ်၊ ရပ်ကွက်ရရင် ရပ်ကွက် လိုက်ချိတ်ပြီးတော့ရှာရတယ်၊ ရှာမတွေ့ဘူးဆိုရင် ဒီလူနာကို ကုတင်ပေါ်ရောက်တဲ့အထိစောင့်ပေးရတယ်၊ လူနာစောင့်မပါရင် ပို့ဖို့ကို အတော်လေးကို စဥ်းစားရတယ်ဗျ၊ တခါတလေဆိုရင် နီးစပ်ရာဆေးခန်းနဲ့ အသင်းရုံးတွေမှာ သူ့ကို သတိပြန်လည်လာနိုင်တဲ့အထိ ပြုစုပြီးတော့ ပို့ရတယ်၊ လူနာစောင့်လာမှာ ဆေးရုံကိုပို့ရတယ် မဟုတ်ရင် လူနာနဲ့ဆေးရုံမှာ ရွာလည်နေရင် ဒုက္ခရောက်တယ်လေ၊ လူနာစောင့်မပါရင် ဆေးနဲ့လူမှုဆက်ဆံရေးအဖွဲ့ကနေပြီးတော့ စောင့်ရှောက်ပေးဖို့ပါပဲ ၊ ကျန်တဲ့ဆေးကုသစရိတ်က ဆေးရုံအပိုင်းနဲ့ဆိုင်သွားပြီလေ၊ လူနာရှင်သတိလည်လာတဲ့အထိစောင့်ပြီး သူ့ရဲ့ဆွေမျိုးသားချင်တွေကို ဆက်သွယ်ဖို့ အချိန် ၂ နာရီ ၃ နာရီလောက်ပေးလိုက်ရင်ရတယ်၊ တချို့ကျတော့ လူနာရှင်ကို အိမ်တိုင်ရာရောက် လိုက်ခေါ်ပေးရတာတွေလည်းရှိတယ်၊ ဆေးနဲ့လူမှုဆက်ဆံရေးအဖွဲ့ကနေ ဒီလူနာကို လွှဲပြောင်းယူပေးရင်ပိုကောင်းတာပေါ့၊ အခုလတ်တလော ဆေးရုံကြီးမှာ လူမှုရေးအသင်းအဖွဲ့တွေကို စုပြီးတော့ ဂျူတီချတာမျိုးတွေ လုပ်ဖို့ စီစဥ်ထားပါတယ်” လို့ မဏိစလ လူမှု၊ နာမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ လူနာစောင့်မပါရင်လူနာလက်မခံတာ ၁ နှစ်ခွဲဝန်းကျင်ရှိပြီလို့ မန္တလေးမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မြတ်သဒ္ဓါ လူမှုကူညီ​ရေးအသင်းက တာဝန်ရှိသူ တဦးကလည်း
” accident လူနာသွားကောက်ရင် လူနာစောင့် မလာမချင်း စောင့်ပေးရတယ်၊ လူနာမေ့နေတဲ့အချိန်ဆို အဆက်အသွယ်က လုံးဝမရဘူး၊ ထိုင်စောင့်ရတယ် ဒီဟာမပြီးသေးဘူး နောက်တခါဖြစ်စဥ်ရှိလို့ ပြေးရရင် ရှိတဲ့အင်အားနဲ့လုပ်ရတော့ အဆင်မပြေတာပေါ့ အလုပ်လုပ်ရတာ တို့တွေမှာ အခက်အခဲအများကြီးရှိတယ်၊ ဆေးရုံဘက်ကလည်း အတက်နိုင်ဆုံး တို့တွေကို နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးရင် ပိုပြီးတော့ အဆင်ပြေတာပေါ့၊ တို့တွေကလည်း ဒီဟာကို အခကြေးငွေယူပြီးတော့ လုပ်ရတဲ့ကိစ္စလည်းမဟုတ်ဘူး၊ သူတို့ ဆူတာ ဆဲတာ ဟောက်တာ လည်း တို့ကလေးတွေမှာက အဲ့လိုလေးတွေလည်းခံရတယ်၊ ပိုက်ဆံမပါဘူးဆိုရင် ဓာတ်မှန်လိုရင် ဓာတ်မှန်လိုက်ရိုက်ပေးရတယ်၊ ဆေးတွေလိုရင် ဆေးတွေလိုက််ပေးရတယ် ကိုယ့်အိတ်ထောင်ထဲကနေ စိုက်ပြီးတော့လိုက်လုပ်ပေးရတာတွေလည်းရှိတယ်၊ အဲ့ဒီအခက်အခဲလေးတွေကို ဖြေလျှော့ပေးရင် ပိုကောင်းတာပေါ့၊ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ်လုပ်နိုင်တာပေါ့၊ အခုကြရင် accident ဖြစ်တယ်ဆိုရင် တို့မှာ ထွက်ဖို့ကို တော်တော်လေးစဥ်းစားရတယ်၊ ကိုယ့်အသင်းရုံးနဲ့ နှစ်ပြ သုံးပြလောက်ဆိုရင်ပဲ တို့မှာ စဥ်းစားရခက်ခဲတော့တာပဲ၊ အရင်ကဆိုရင် ပရဟိတလုပ်တဲ့အသင်းတိုင်း သူ့ထက် ငါ လုကောက်ပြီး တအားလုပ်ချင်တဲ့စိတ်တွေဖြစ်တယ်၊ အခုကျတော့ လူနာစောင့်မပါရင် စောင့်နေရတော့ သွားဖို့ပြုဖို့အခက်အခဲတွေ ပိုကြုံနေရတာပေါ့၊ လူနာရှင်မတွေ့မချင်း ဒီအထုပ်ကို ကိုယ့်ခေါင်းပေါ် တင်ထားရတဲ့ပုံဖြစ်နေတာ၊ လူနာရှင်အပ်ပြီးတော့မှကို ပြန်ခဲ့ရတော့တာ ” လို့ VOM ကိုပြောပါတယ်။
ဆေးရုံတွေမှာ လူမှုကူညီရေးအသင်းသားတွေက လူနာရှင်မလာမချင်း အနည်းဆုံး အချိန် ၁ နာရီခွဲကြာမြင့်သလို့ တချို့ ညပိုင်းအချိန်တွေဖြစ်တဲ့ accident ဖြစ်စဥ်တွေဆိုရင် မနက်မိုးလင်းတဲ့အထိ စောင့်ပေးရတယ်လို့ သိရပါတယ်။
ဒီလို လူနာရှင်တွေမလာမချင်း ဆေးရုံမှာ လူမှုကူညီရေးအသင်းသားတွေက စောင့်ဆိုင်းပေးနေရတဲ့အပေါ် ဆေးရုံဘက်က တက်နိုင်သလောက် ဖြေလျှော့ပေးဖို့၊ နွေးနွေးထွေးထွေးဆက်ဆံပေးဖို့အပြင် ဆေးနဲ့လူမှုဆက်ဆံရေးအဖွဲ့ဘက်ကနေ လူနာလွှဲပြောင်းလက်ခံပေးနိုင်ဖို့ ကိစ္စတွေကို လိုအပ်နေတယ်လို့သိရပါတယ်။
မန္တလေးမြို့မှာ လူမှု၊ နာမှု ကူညီရေး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ ၁၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW