ညောင်ဦးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင်လေးယောက် အသတ်ခံရပြီး တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့

 

ဇူလိုင် ၂၅ ၊ ၂၀၂၆
GG (VOM)

မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းပိုင်းမှာရှိတဲ့ ကျေးရွာတရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ ၊ မနက် ၆ နာရီကျော်လောက်မှာ အသတ်ခံခဲ့ရတာဖြစ်ကြောင်း ၊ အသတ်ခံရတာက တောင်ဘီရွာမကျေးရွာမှာနေထိုင်တဲ့ စည်ပင်သာရွာ အုပ်စုအုပ်ချုပ်ရေးမှူးဖြစ် နဲ့ ရွာ ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်းမှာ စည်ပင်သာရွာ အုပ်ချုပ်ရေးမှုး ဦးကျော်နိုင်ဦး ၊ရွာခံတွေဖြစ်တဲ့ ဦးသက်လွင်ဦး ၊ ဦးကျော်ဝင်းသူ ၊ ဦးမင်းထွန်း တို့လေးယောက်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ ဦးအောင်မျိုးကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။

” မနက်ပိုင်း ဆိုင်မှာထိုင်ပြီး စကားပြောနေချိန် pdf တွေက ဆိုင်ကယ်နဲ့ ဝင်ပစ်သွားတာလို့ သိရတယ်။အုပ်ချုပ်ရေးမှူးနဲ့ ရွာသားသုံးယောက်က နေရာမှာပဲဆုံးတယ် ။.နောက်တယောက်ကတော့ ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး ။ pdf က ဆိုင်ကယ်သုံးစီးနဲ့ဝင်ပစ်သွားတာလို့သိရတယ်။ တောင်ဘီရွာမက ညောင်ဦးမြို့နယ် ထဲကဆိုပေမယ့် ကျောက်ပန်းတောင်း နဲ့နီးသလို ချောက်ဘက်လည်းနီးတယ်။ တက်မရေနံမှော်ဘက်ပဲ ။ အလွယ်ပြောရရင် ညောင်ဦး – ကျောက်ပန်းတောင်းလမ်းပိုင်းမှာရှိတာ။ လမ်းကနေ အထဲကိုဝင်သွားရတာ။ ” လို့ ဒေသခံက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဥ်ဖြစ်ပွားပြီးနောက် သေဆုံးသူရုပ် အလောင်းတွေ နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အစိုးရတပ်က pdf တွေရှိနိုင်မယ့်နေရာကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ တယ်လို့ သိရပါတယ် ။

ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိသလို လက်နက်ကြီးကျလို့ သေဆုံးဒဏ်ရာရတာ ၊ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ ဒေသခံတွေအသတ်ခံရတာ ၊ ဝန်ထမ်းတွေအသတ်ခံရပြီး ဖမ်းဆီးခံရမှုတွေလည်း ဖြစ်ပွားမှု ရှိထားတယ်လို့ သိရပါတယ်။

ဒါကြောင့် တချို့ကျေးရွာတွေမှာဆိုရင် အိမ်စောင့်သဘောသာ လူထားရှိပြီး ကျန်တဲ့မိသားစုဝင်တွေက နေရပ်စွန့်ခွာ စစ်ရှောင်နေကြရတာများပြီး စီးပွားရေးကိုလည်း တစိုက်မတ်မတ် မလုပ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

” ရွာထဲ pdf က ဖြတ်သွားလည်း ကြည့်နေရတာပဲ ။ တပ်က လာလည်း ငြိမ်နေရတာပဲ ။ မလာပါနဲ့ ဘယ်သူ့မှ မပြောရဲဘူးလေ။ ရွာထဲတိုက်ပွဲ မဖြစ်ဖို့ ၊ လက်နက်ကြီးမကျဖို့ပဲ ဆုတောင်းနေရတယ်။ ကျွန်တော်တို့က အေးအေးချမ်းချမ်း ပဲနေထိုင်လိုတာပါ။ အခုတော့ တခုခုဖြစ်လို့ ပြေးရင်တောင် မိုင်းနင်းမိမှာကို ကြောက်နေရတယ်။ အလုပ်လည်းကောင်းကောင်းမလုပ်ရဘူး။ ပြေးပြေးဆို ထပြေးရတာပဲ။ ” လို့ ဒေသခံက ပြောပါတယ် ။

ညောင်ဦး – ကျောက်ပန်းတောင်းလမ်း ၊ ညောင်ဦး – ချောက်လမ်းပိုင်းက ကျေးရွာဘက်တွေမှာ တိုက်ပွဲတွေ အဓိက မကြာခဏဖြစ်ပွားလေ့ရှိတာ ဖြစ်ကြောင်း သိရပါတယ်။

ဇွန် ၂၆ ရက်နေ့ကလည်း တပေါက်ရုံကျေးရွာမှာနေထိုင်တဲ့ ဝါးခင်းကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီး မှုရှိခဲ့တယ်လို့ သိရပါတယ် ။

ဇွန် ၁၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာ နဲ့ ဆရာမ ရှစ်ယောက်ကို ဖမ်းဆီးပြီး ငွေဒဏ်ရိုက်ကာ ပြန်လွှတ်ပေးတဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ကလည်းညောင်ဦးမြို့နယ်၊ လက်ပန်တဲရွာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ထဲထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သြဂုတ် ၂၂ ရက်ကလည်း ညောင်ဦးမြို့နယ်၊စဥ့်ကူမြို့က ကျူရှင်ဆရာမဆိုသူ ဒေါ်အိအိခိုင်နဲ့ မှတ်ပုံတင်ပွဲစားဆိုသူ ဦးမောင်ဝင်းဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှာ မူလတန်းပြ ဆရာမတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ဇူလိုင် ၁၃ ရက်ကလည်း ညောင်ဦး ၊လက်ထုပ်ကျေးရွာမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

ဇွန် ၉ ရက်ကလည်း ညောင်ဦး၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင်နှစ်ယောက်တို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ – CJ
#Voiceofmyanmar #VOM #ညောင်ဦး #တောင်ဘီရွာမ #စည်ပင်သာရွာအုပ်စု #အုပ်ချုပ်ရေးမှူး #ဒေသခံ #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW