ဇူလိုင် ၃၁ ၊ ၂၀၂၆
CC (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့က ကားအပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်လင်မယားကို ဆိုင်ထဲထိ ဓားနဲ့ဝင်ထိုးလို့ အမျိုးသမီး သေဆုံးကာ ခင်ပွန်းဖြစ်သူ ဒဏ်ရာအပြင်းထန်ရရှိလို့ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ် ။
မနေ့က ဇူလိုင် ၃၀ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ နယ်မြေ(၂)၊ နိဗ္ဗာန်လမ်း၊ အိမ်အမှတ်(၇၁)မှာ ဖွင့်ထားတဲ့ “ဂျပန်” ကားအပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်လင်မယား ဓားနဲ့ဝင်ထိုးခံရတာဖြစ်ကြောင်း ၊ ပြစ်မှုကျူးလွန်သူကိုလည်း ချက်ခြင်းဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တရားခံက အသက် ၂၀ အရွယ် ကိုသန့်ဇင်ဖြိုးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်က အဲဒီကားအပိုပစ္စည်းဆိုင်မှာ ပစ္စည်းဝယ်ချိန် ဆိုင်ရှင်နဲ့ စကားကတောက်ကဆ ဖြစ်ခဲ့တဲ့အပေါ် မကျေနပ်လို့နောက်တကြိမ်လာပြီး အသင့်ယူလာတဲ့ ဓားနဲ့ထိုးပြီး ကားဒူးဆစ်ရိုးနဲ့ ရိုက်သတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” အခင်းဖြစ်ပြီးတော့ လုပ်တဲ့ကောင်လေးက ထွက်ပြေးသွားတယ်။ အနီးက CCTV မှတ်တမ်းတွေကို ကြည့်တော့ ကောင်လေးက ကားအပိုပစ္စည်းဆိုင်ထဲဝင်သွားပြီး ပြန်ထွက်လာတာမတွေ့ရဘူး ။အဲဒါနဲ ရဲတွေက လိုက်ရှာကြတော့ တခြံကျော်က အိမ်ထဲမှာ ဖမ်းမိခဲ့တာပါ။ အရင် နှစ်ရက်လောက်က သူက ကားအပိုပစ္စည်းဝယ်ခဲ့တယ်။ အဲဒီမှာ ပစ္စည်းက ဈေးကြီးတယ်ဆိုပြီး ပြောရာကနေ စကားများကြတယ်ပြောတယ်။ အဲဒါကို မကျေနပ်လို့ မနေ့က လာပြီး သတ်သွားတာ။ ဆိုင်ထဲရောက်တော့ ဆိုင်ရှင်ရဲ့မိန်းမကို တွေ့ပြီး ဓားနဲ့ အရင်ထိုးတယ်။ ပြီးတော့ ဆိုင်ရှင်အမျိုးသားရောက်လာတော့ဓားနဲ့ ထပ်ထိုးတာမှာ ပြန်ခုခံတော့ ကားအပိုပစ္စည်း ဒူးဆစ်နဲ့ခေါင်းကို ရိုက်ခဲ့တယ်။အခု ဆိုင်ရှင်အမျိုးသားက ဆေးကုသမှုခံနေရတယ်။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံက ပြောပါတယ် ။
ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဥ လည်ပင်းထိုးသွင်း ဒဏ်ရာသုံးချက်၊ ပုခုံးထိုးသွင်းဒဏ်ရာတချက် ရရှိခဲ့ပြီး ဆေးရုံပို့ဆောင်စဥ် သေဆုံးခဲ့တာဖြစ်ကြောင်း ၊ အမျိုးသားဖြစ်သူ ဦးခင်မောင်ညို(ခ)ဦးဖိုးတုတ်မှာ လည်ပင်းထိုးသွင်းဒဏ်ရာတချက် ၊ ပေါက်ပြဲဒဏ်ရာတချက်၊ မျက်လုံးအောက်ပြတ်ရှဒဏ်ရာတချက် ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာတချက်ရရှိခဲ့တာကြောင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။
သေဆုံးသူ.ဒေါ်ရင်ရင်ဥ ရုပ်အလောင်းကိုတော့ ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာ သဂြိုလ်လိုက်တယ်လို့ သိရပါတယ် ။
” ဘေးမှာအကာအရံတွေထားပြီး ကုနေတာတွေ့ရတယ်။ ပုံစံက အရေးပေါ်အခြေနေဖြစ်နေတဲ့ပုံပါ ။ ဆေးရုံပေါ်မှာ တွေ့ရတာစိတ်မကောင်းစရာပဲ ။ မျက်စိတွေ ပိတ်နေအောင် ဖူးယောင်နေပြီး ခေါင်းမှာလည်းပတ်တီးတွေ အထပ်ထပ် ၊ လည်ပင်းနဲ့ လက်တွေလည်း ပြတ်ရှတွေပွနေတယ်။ ” လို့ ဆေးရုံမှာ ကုသမှုပေးနေပုံကို မြင်တွေ့ခဲ့ရသူက ပြောပါတယ်။
လူသတ်မှုကျူးလွန်တဲ့ ကောင်လေးက ရွှေညောင်မြို့ရှိ ကားဝပ်ရှော့တခုမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ ပြစ်မှုကျူးလွန် သူ သန့်ဇင်ဖြိုးကို ရွှေညောင်နယ်မြေခံရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
