ဒီပဲယင်းမှာ ချောင်းဖြတ်ကူးတဲ့ ကောက်စိုက်အမျိုးသမီးခြောက်ယောက် ရေစီးနဲ့မျောပါသေဆုံး

ဩဂုတ် ၇ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်မှာ ချောင်းကို ဖြတ်ကူးတဲ့ ကောက်စိုက်သမ အမျိုးသမီး ခြောက်ယောက် ရေနစ်သေဆုံးမှု ဩဂုတ် ၆ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
ဒီပဲယင်းမြို့နယ် ၊ အနောက်ခြမ်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးရွာမြောက်ဘက်ရှိ ချောင်းကို ကောက်စိုက်သမ ၁၀ ယောက်က ဖြတ်ကူးစဥ် ချောင်းရေရုတ်တရက်မြင့်တက်လာတာကြောင့် ခြောက်ယောက်မှာ ရေစီးနဲ့မျောပါသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ကောက်စိုက်ပြီးပြန်လာကြတာ ။ နေ့ခင်း ၁၂ နာရီကျော်ကြီး မှာဖြစ်တာပါ ။သတင်း ကြား ကြားချင်း လူတွေအများကြီးနဲ့ ဝိုင်းပြီးရှာကြတာပဲ ၊ ခုချိန်ထိတော့ တယောက်က ရှာလို့မတွေ့သေးဘူး။ အခု မြစ်ရေချောင်းရေတွေကတိုးနေတာ ။ ရွာတွေလည်း ရေမြုပ်နေကြတယ်။ ” လို့ ဒေသခံက ပြောပါတယ် ။
သေဆုံးသူတွေဟာ ချောင်းရိုးကျေးရွာကဖြစ်ပြီး မဝင်းမာ၊ မဌေးဌေး၊မကေသီဦး၊မနှင်းဆီ၊ မညိုဆန်းနဲ့ မမြင့်မြင့်ဝင်း ဆိုသူတို့ ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ချနေတဲ့အတွက် မူးမြစ်ရေတိုးပြီး ချောင်းရေပါမြင့်တက်လာတာကြောင့် ဒီပဲယင်း ၊ ရွှေဘို ၊ ရေဦး၊ တန့်ဆည် ၊ ကောလင်း ၊ ကန့်ဘလူ ၊ ကျွန်းလှ မြို့နယ်တွေထဲက ကျေးရွာပေါင်း ၅၀ ထက်မနည်းမှာ ရေကြီးရေလျှံ ဖြစ်နေတယ်လို့သိရပါတယ်။
မူးမြစ်ရေကြီးမှုကြောင့် တန့်ဆည်မြို့နယ်ထဲက ပေါင်ကတောင်ကျေးရွာရှိ မူးမြစ်ကူး တံတားတစင်း နဲ့ တန့်ဆည်မြို့ မူးခွကျေးရွာနဲ့ ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာကြားက မူးမြစ်ကူးတံတားတို့ ရေစီးနဲ့ မျောပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အညာဒေသကပြည်သူတွေဟာ လက်ရှိမှာ စစ်ဘေးအပြင် ရေဘေးအန္တရာယ် ကိုပါကြုံတွေ့နေရတဲ့အတွက် အစားအစာ နဲ့ ဆေးဝါး အပါအဝင် စတဲ့အကူအညီတွေ ပိုပြီးလိုအပ်လာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW