သြဂုတ်-၇-၂၀၂၆
EPM(VOM)
ငဝန်မြစ်ရေကာတမံ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှာ ရေလွှမ်းနေတာ အခုဆိုရင် တပတ်ခန့်ရှိလာပြီး ရေဆက်တိုးနေတာကြောင့် ရေလွှမ်းတဲ့ ဧရိယာ ကျယ်ပြန့်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ကြပါတယ်။
ငဝန်မြစ်ရေဘေးမှာ ကူညီကယ်ဆယ်ရေး လုပ်နေပြီး ခေတ်မှီနည်းပညာနဲ့ တွက်ချက်စောင့် ကြည့်နေသူတွေခန့်မှန်းချက်အရ လေးမျက်နှာမြို့ အောက်ဘက် ရေကြည် ၊ ငသိုင်းချောင်း ၊ ကျောင်းကုန်းနဲ့ ကန့်ကြီးထောင့် မြို့နယ်တွေအထိ စီးဆင်းဝင်ရောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိ မြေပြင် ဒရုန်း မှတ်တမ်းတွေ၊ GPS observation ၊ Drainage Network လေ့လာဆန်းစစ်ချက် ၊ မြစ်ရေအခြေအနေ ၊ မိုးလေဝသ အခြေအနေ ၊ Basin Hydrology နဲ့ Spring Tide တို့ကို ဆန်းစစ် စုပေါင်း ထုတ်ပြန်ခြင်း ဖြစ်တယ်လို့ Psc Myanmar Off-road အဖွဲ့က သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
သူတို့ရဲ့ ထုတ်ပြန်ချက်တွေအရ ရေ တိုးဝင်မှုတွေကြောင့် ယာယီ မြစ်တစ်စင်း ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားရှိပြီး မယင်းချောင်း ၊ ရေကြည်ချောင်း နဲ့ ထောလှချောင်းကတဆင့် ဒါးကမြစ် သို့ စီးဝင်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီချောင်း နဲ့ မြစ်တွေအနီးအနားမှာရှိတဲ့ ကျေးရွာ ဒေသတွေမှာ ရေကြီး နိုင်ပြီး ၁၉၉၁ ခုနှစ် ငဝန် မြစ် ရေတားတမံ ကျိုးပေါက်တုန်းကအတိုင်း ပိုလျော့သွားတာ ရှိနိုင်မယ် မဟုတ်ဘူးလို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
မြေပြင် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေကတော့ ရေဆက်လက်တိုးနေပြီး ကျဆင်းသွားခြင်း မရှိသေးဘူးဟု ပြောဆိုနေကြပါတယ်။
“ရေက အခုထိ မကျသေးဘူး ဆက်တိုးနေတုန်းဘဲ။ စက်လှေတွေ လိုအပ်နေတယ်။ အခုက ရွေ့ပြောင်း ကယ်ဆယ်ရေးကိုပဲ အဓိထားပြီး လုပ်နေရတယ်”လို့ မြေပြင်ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပြည်တွင်းလူမှုကယ်ဆယ်ရေး အဖွဲ့က အဖွဲ့ဝင်တယောက်က ပြောပါတယ်။
ငဝန်မြစ် ရေတားတမံ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နဲ့ ကျေးရွာများအပါအဝင် တစ်မြို့နယ်လုံး ရေနစ်မြုပ်နေပြီး ရေလွှမ်း ဧရိယာက ရေကြည်မြို့နယ် ဟင်္သာတဘက်အထွက် ဆင်ကူး တံတားအကျော် စစ်ကုန်းရွာ နဲ့ ဒယ်ကုန်းရွာအကြားအထိ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒါးက မြစ်ထဲ ရေဝင်လာပြီး လယ်တွေကတော့ မျက်ခုံး ခပ်လှုပ်လှုပ်ပဲ။ မိုးမများပါစေနဲ့လို့ ဆုတောင်း ရမယ်”လို့ ကျုံပျော်မြို့နယ်က လယ်သမားတယောက်ကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်ကလည်း ရေကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်တိုးနေပြီး လေးမျက်နှာ တမြို့နယ်လုံး ရေနစ်မြုပ်နေတဲ့ အနေအထားကို ရောက်ရှိနေတယ် လို့ ပြောပါတယ်။
“ အခု ငသိုင်းချောင်းဘက်ကို ရေဝင်နေတယ်လို့ ကြားတယ်။ လေးမျက်နှာနဲ့ အစပ် ဟင်္သာတဘက် လည်း ရေဝင်နေတယ်။ ကျုံပျော်ကတော့ ကြီးကြီးကျယ်ကျယ် ဖြစ်တယ်လို့ မကြားမိသေးဘူး”လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ့်စားလှယ်က ပြောပါတယ်။
ရေတားတမံ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး ၊ လေးမျက်နှာ မြို့နယ် တွင် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ပေါင်း ၅၁ ရွာ က လူဦးရေ နှစ်သောင်း ရေဘေးသင့်နေပြီး မိုးစပါးစိုက်ဧက သုံးသောင်း ကျော် ရေနစ်မြုပ်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
