ဩဂုတ် ၇ ၊ ၂၀၂၆
CC (VOM)
မြန်မာ – အိန္ဒိယနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ကလေး – တမူး အာရှလမ်းမကြီးတလျှောက်ရှိ ကျေးရွာတွေကို အစိုးရတပ်က ပြန်သိမ်းပြီးနောက် အစိုးရက ကလေး – တမူး အာရှလမ်းမကြီးကို မကြာခင်ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့်ပြုဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကလေး – တမူး လမ်းပိုင်းရှိ ပျက်စီးနေတဲ့ တံတားတချို့ကို ပြန်လည်ပြုပြင်နေတာကြောင့် ပြည်သူတွေကို ခရီးသွားလာခွင့် မပြုသေးပေမယ့် ရှေ့တပတ်ထဲမှာတော့ လမ်းပိုင်းကို သွားလာခွင့်ပြုမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ကလေး – တမူး လမ်းပိုင်းက ခမ်းပါတ် တံတား ၊ တွီဗန်တံတားနဲ့ နန်းမွန်းတားတံတားတို့ကို ဖျက်ဆီးခံခဲ့ရတာဖြစ် ပြီး လက်ရှိမှာ ခမ်းပါတ်တံတားကို ပြင်ဆင်ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ် ။
” အစိုးရက ကလေး – ခမ်းပါတ် – တမူး ရွာစဥ်တလျှောက်တော့ အကုန်ပြန်ရသွားပြီ။ အခုဖျက်ဆီးသွားတဲ့ တံတားသုံးစင်းပြင်နေတယ် ကြားတယ်။တွီဗန်တံတားနဲ့ နန်းမွန်းတားတံတား ပြင်ဖို့ကျန်သေးတယ်။တံတားတွေပြင်ပြီးရင် ခရီးသည်တွေ အရင်သွားရမယ်ထင်တယ်။ ကုန်ကားတွေကတော့ နည်နည်းစောင့်ရအုန်းမယ်ထင်တယ်။အခု ခမ်းပါတ် တံတားပဲ ပြင်လို့ ပြီးသေးတယ်။လမ်းပိုင်းက တနေ့က ဝန်ထမ်းတွေတော့ ခမ်းပါတ်ကိုသွားကြတယ်။တံတားတွေပြင်ပြီးလောက်မှပဲ တရားဝင်သွားခွင့်ပြုမယ်ထင်ပါတယ်။အစိုးရဘက်ကလည်း သွားလို့ရပြီဆိုပြီး တရားဝင်အသိပေးတာမျိုးမရှိသေးဘူး ။” လို့ တမူးဒေသခံက ပြောပါတယ်။
ခမ်းပါတ်မြို့မှာလည်း ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လည် ဝင်ရောက်မှုရှိခဲ့ပြီး မကြာခင်မှာ မြို့ အုပ်ချုပ်ရေးယန္တရား စတင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ခမ်းပတ်မြို့မှာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင်ခြင်းနဲ့အတူ ကလေး – ခမ်းပါတ် – တမူးလမ်းလည်း သွားလာခွင့် ပြန်လည်ရရှိနိုင်မယ့် အခြေအနေရှိကြောင်း ဩဂုတ် ၁၀ ရက်နောက်ပိုင်းမှာ လမ်းပိုင်းသွားလာခွင့် ပြုမယ့်သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
” ကလေး – တမူးလမ်းပြန်ဖွင့်တော့မယ် ကြားနေရပါတယ်။ ဒီလထဲပဲလို့သိရတယ်။ ကားဂိတ်တွေတောင် ပစ္စည်းအပ်လို့ရပြီဆိုပြီး ပြောနေကြတယ်။ အခုက တံတားတွေပြင်နေတာ အကုန်မပြီးသေးလို့ သိရတယ်။ အဲဒီလမ်းမကြီးပြန်ဖွင့်ရင်တော့ ကုန်စည်စီးဆင်းမှုပိုကောင်းသွားမှာပေါ့။ ” လို့ ဒေသခံက ပြောပါတယ် ။
ကလေး – တမူးအာရှလမ်းမကြီး ကိုသာ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ပါက ဒေသတွင်း ကုန်သွယ်ရေး အဆင်ပြေလာပြီး ဒေသခံတွေအတွက် ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ လမ်းပန်းဆက်သွယ်ရေး အားလုံး အဆင်ပြေသွားမှာဖြစ်သလို အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလည်း ပြန်လည်စတင်နိုင်မယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပြည်တွင်း.ကုန်စည် စီးဆင်းမှုအပါအဝင် အားလုံးရပ်နေသလို နယ်စပ်ကုန်သွယ်းရေးလည်း ရပ်နေတာကြောင့် ဒေသခံတွေမှာ ခက်ခဲနေကြတယ်လို့သိရပါတယ်။
“လတ်တလောက လမ်းအရင်ဖွင့်မှပဲ ကုန်သွယ်ရေးက ဘယ်လိုလာအုံးမလဲတော့ မသိသေးဘူး။ လမ်းပြန်ဖွင့်ရင် ကုန်ပစ္စည်းတွေ ဖြောင့်ဖြောင့်တန်းတန်း ရောက်လာမယ်။ဒေသ ခံတွေ ကျန်းမာရေးကိစ္စတွေ သွားရလာရ အခုဟာက တမူးကနေ ကလေးမြို့ ကျန်းမာရေးကိစ္စ ဆေးရုံ ဆေးခန်းသွားဖို့တောင် မလွယ်ဘူး ဒီမှာက ဆေးပစ္စည်းမစုံလင် ကျန်းမာရေးဝန်ထမ်း နည်းနဲ့ဆိုတော့အရေးပေါ်ဆို ကလေးမြို့ ပြေးကုရတာ။ လမ်းမပွင့်တော့ သွားရလာရ လမ်းပွင့်သွားရင်တော့ကောင်းတာပေါ့။ ” လို့ ဒေသခံက ပြောပါတယ်။
ကလေး – ခမ်းပါတ် – တမူး အာရှလမ်းမကြီးကိုတော့ အစိုးရတပ်တွေက ပြီးခဲ့တဲ့ ဇူလိူင် လကုန်လောက်မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
သမ္မတကြီး ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွားရောက်စဥ်မှာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ရန် အပါအဝင် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော် ရေး ဆွေးနွေးသဘောတူညီခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ တမူး-ကလေး ကုန်သွယ်ရေးလမ်းကို အပြည့်အဝ ထိန်းချုပ်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရတပ်စစ်ကြောင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
