ဩဂုတ် ၇ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ ရွှေဘို၊ အရာတော်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ရေဘေးအန္တရာယ် ဆိုးရွားလာနေပြီး ဒေသခံ သောင်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် အထက်ပိုင်းက မြို့နယ်တွေမှာ ဩဂုတ် ၆ ရက်၊ ညပိုင်းကစပြီး မိုးဆက်လက် သည်းထန်နေသလို သဖန်းဆိပ်ဆည်ထဲ စီးဝင်မယ့် ချောင်းတွေ၊ မြောင်းတွေနဲ့ မူးမြစ်တို့ ရေလျှံနေတာကြောင့် ဆည်ထဲကို ရေအဝင်ကောင်းနေဆဲလို့ သိရပါတယ်။
“သဖန်းဆိပ်ဆည်က ဒီနေ့ ရေထပ်လွှတ်တာတော့ မရှိသေးဘူး။ အခု စီးဆင်းနေတဲ့ရေတွေက ကြားရေတွေနဲ့ မနေ့က လွှတ်ထားတဲ့ ရေကျု့ ၈၀၀၀၀ စီးဆင်းနေတာပါ။ ဆည်က ရေလျှော့ထားတယ် ဆိုပေမယ့် အောက်ရေကတော့ တိုးနေတုန်းပဲ။ မြေနိမ့်ပိုင်းနေရာတွေ၊ ကမ်းဘေးကရွာတွေ အကုန်ရှောင်သင့်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ကန့်ဘလူ (အနောက်ခြမ်း)၊ ကင်းတပ်ဆည်အောက်ဘက်က ကင်းတပ် – ရွှေဘို ကန်တော်တူးမြောင်းဘောင် နေရာတချို့ ရေလျှံနေသလို ကင်းတပ်ဆည် အောက်ဘက်က မူးမြစ်ရေ လျှံလာတာကြောင့်လည်း တန့်ဆည်နယ် အရှေ့တခြမ်းလုံး ရေမြုပ်သွားပြီး ကူညီကယ်ဆယ်ရေး မနိုင်နင်းဘူးလို့ သိရပါတယ်။
ဒါအပြင် မူးမြစ်ထဲစီးဝင်တဲ့ ပေါင်ဂဒေါင်ချောင်း၊ စည်တုံးလုံးချောင်းတွေလည်း ရေတိုးလာနေဆဲဖြစ်တာကြောင့် တန့်ဆည်မြောက်ခြမ်းနဲ့ အရှေ့ခြမ်း ရေဘေးအန္တရာယ် “အနီရောင်အဆင့်” သတ်မှတ်လို့ရသလို အထက်ပိုင်း မိုးကြီးနေတာ၊ မူးမြစ်ရေတိုးလာတာ၊ ချောင်းရေတွေလျှံလာတာ၊ ဆည်တွေကနေ ရေမထိန်းနိုင်လို့ ရေဒလဟော လွှတ်ချနေတာတွေကြောင့် ၂၄ နာရီအတွင်း မူးမြစ်၊ ဆည်၊ ချောင်းနဲ့ တူးမြောင်းနီးတဲ့နေရာတွေ ကုန်းမြင့်နေရာတွေဘက် ရွှေ့ပြောင်းကြဖို့ ဒေသတွင်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ဆည်ရေကြောင့် တန့်ဆည်မြောက်ပိုင်းက ရွာရှည် – သဲစားလမ်းပိုင်းရှိ ဖွတ်ချောင်းနဲ့ စည်းသာ – ညောင်ကိုင်းကျေးရွာကြားရှိ ရွာဘင်းချောင်းလည်း ရေလျှံနေတဲ့အပြင် တန့်ဆည် – ကျွန်းလှ မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ ပေါင်ဂဒေါင်တံတားဟာလည်း ရေစီးနဲ့အတူ မျောပါသွားခဲ့တာကြောင့် သွားလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ်ဟာ ကာဘိုးဆည်အောက်ဘက်မှာ တည်ရှိတာဖြစ်ပြီး အဲဒီမြို့နယ်အတွင်းက အက်တောမူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေဟာ မနေ့ ဩဂုတ် ၆ ရက်က ကျိုးပေါက်သွားခဲ့တာကြောင့် ကျေးရွာပေါင်း ၄၀ ဝန်းကျင် ရေလွှမ်းမိုးခံနေရပြီး စိုက်ပျိုးပြီးလယ်မြေ ဧက သောင်းနဲ့ချီ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
“ကာဘိုးဆည်ကရေကြောင့် အက်တောရွာ တရွာလုံး ရေဘေးသင့်နေတယ်။ စစ်ဘေးကြောင့် တရွာလုံး ရွာပြင်ထွက်ပြီး နေခဲ့ကြရတာ။ ရွာထဲပြန်ဝင်တာ မကြာသေးဘူး။ အခုတခါ ရေဘေးတဲ့။ ဆိုးလိုက်တဲ့ ဒုက္ခတွေ။ ကိုယ့်အိမ်၊ ကိုယ့်နေရာကိုတောင် ကိုယ်မပိုင်ဘူး” လို့ တန့်ဆည်မြို့နယ်က ဒေသခံ တယောက်က ပြောပါတယ်။
ရေဦးမြို့နယ်မှာလည်း ကာဘိုးဆည်အောက်ဘက်က မြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီးအထက် ပေ ၃၀၀ အကွာအဝေးခန့်၊ အနောက်ဘက် မူးဘောင်လည်း ကျိုးပေါက်နေတယ်လို့ သိရပြီး ရေဆက်လက် တိုးနေဆဲဖြစ်တာကြောင့် မြို့ပေါ် ရပ်ကွက်ပေါင်း ငါးရပ်ကွက်အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်က ပြည်သူ တသောင်းကျော် ရေဘေးဒဏ်ခံနေရကာ မြို့နယ်မီးသတ်စခန်း ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာ နေရာတွေကို ရွှေပြောင်းပေးနေတယ်လို့ သိရပါတယ်။
“ရေက စိုးရိမ်စရာအခြေအနေ ရောက်လာလို့ မဖြစ်မနေ ပြောင်းရွှေ့နေရပြီ။ ပစ္စည်းတွေ သိမ်းဆည်း၊ ရွှေ့ပြောင်းနေရတာနဲ့ တညလုံးလည်း မအိပ်ရသေးဘူး။ ဒီထက် ဆိုးလာရင်တော့လည်း ကံစီမံရာအတိုင်းပဲပေါ့။ ရေတွေကတော့ တက်နေတုန်းပဲ။ မိုးကတော့ တိတ်နေလို့ တော်သေးတယ်” လို့ ရေဦးဒေသခံက ပြောပါတယ်။
ဒါအပြင် ခင်ဦးမြို့မှာလည်း ဒီကနေ့ ဩဂုတ် ၇ ရက်၊ မနက် ၁ နာရီဝန်းကျင်မှ စတင်ကာ မူးမြစ်ရေ ဝင်ရောက်လာတဲ့အတွက် မြစ်အရှေ့ဘက်နဲ့ DY တူးမြောင်းအတွင်းရှိ လက်ပံ၊ မူးပါ၊ ဥယျာဉ်၊ ဇီးတော၊ ကျွန်းတောကြီး၊ ယာတော်၊ မကျီးအုပ်၊ သရက်ပင်စု၊ ကားဆိပ် အစရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း ရေကြီးနေပြီး ဒေသခံတွေ ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ဒေသခံတွေဟာ ဗျူဟာလမ်းပိုင်းနဲ့ ကုန်းမြင့်ပိုင်းတွေမှာ ယာယီ ရွှေ့ပြောင်းနေရတာဖြစ်ပြီး အမိုးအကာမရှိတာကြောင့် မိုးရေထဲ နေထိုင်နေကြရတဲ့အတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ သိရပြီး လက်ရှိမှာ ရေတက်နှုန်း မြန်ဆန်နေတဲ့အတွက် ရေနစ်မြုပ်နိုင်တဲ့ ကျေးရွာတွေ ပိုများလာနိုင်တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
အဲဒီလိုပဲ ကောလင်းမြို့နယ်မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေါင်းမြူးချောင်းနဲ့ လာကာချောင်းရေတွေကနေ ရေလျှံတက်လာတဲ့အတွက် ကျေးရွာပေါင်း ၁၀၀ ကျော် ရေဘေးသင့်နေပြီး စစ်ဘေးရှောင် ၅၀၀၀ ကျော် နေထိုင်တဲ့ တဲအိမ်တွေလည်း ရေမြုပ် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ရေကြီးမှုဟာ ကောလင်းနယ် အနောက်ခြမ်းက ကျေးရွာတွေမှာ အဆိုးဆုံးဖြစ်တယ်လို့ သိရပြီး ရေဆက်လက် မြင့်တက်လာပါက သွားလာရေး လုံးဝ ပြတ်တောက်သွားနိုင်ကာ ရေဘေးသင့် ပြည်သူတွေအနေနဲ့ စားသောက်ရေး ကျပ်တည်းလာနိုင်တယ်လို့ သိရပါတယ်။
မူးမြစ်ရေဟာ လာမယ့် ၂၄ နာရီအတွင်း သိသိသာသာ မြင့်တက်လာနိုင်တာကြောင့် ကင်းတပ်ဆည်အောက်ဘက်ရှိ အရင်က တူးမြောင်းမူးဘောင် ကျိုးပေါက်ခဲ့ဖူးတဲ့နေရာတွေကို သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
Photo – CJ
