သစ်လုံးကုန်ကြမ်းရရှိဖို့ ခက်ခဲ​လို့ မုံရွာမြို့အမှတ်(၅)အထပ်သားစက်ရုံ ရပ်နားထားရ

မုံရွာ သြဂုတ်- ၁၀ -၂၀၂၆
MW(VOM)
သစ်ပါးလွှာထုတ်လုပ်ဖို့ သင့်တော်လတ်ဆတ်တဲ့ သစ်လုံးကုန်ကြမ်းရရှိဖို့ ခက်ခဲနေတာကြောင့် မုံရွာမြို့၊ အိုးဘိုတောင်ရပ်က အမှတ်(၅) အထပ်သားသစ်စက်ကို ရပ်နားထားရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရ သယံဇာတနဲ့သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်း က လွှတ်တော်မှာပြောပါတယ်။
“အမှတ်၅အထပ်သားသစ်စက်ကို၂၀၂၁ ခုနှစ် အောက်တိုဘာလက စပြီးစက်လည်ပတ်တာကို ရပ်နားထားခဲ့ရပါတယ်။ ရပ်နားရတာက သစ်ပါးလွှာထုတ်လုပ်ဖို့ သင့်တော်လတ်ဆတ်တဲ့ သစ်လုံးကုန်ကြမ်းရရှိဖို့ အခက်အခဲရှိတာကြောင့်ဖြစ်ပါတယ်။ သစ်မာသစ်ပါးလွှာတွေ ထုတ်လုပ်နိုင်တဲ့ လတ်ဆတ်တဲ့ သစ်လုံးကုန်ကြမ်းတွေ ရရှိနိုင်မယ့် အခြေအနေပေါ်မူတည်ပြီးဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”လို့ ဝန်ကြီးဦးတင်သန်းဝင်းကပြောတာပါ။
ဩဂုတ်လ၆ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကျင်းပတဲ့တတိယအကြိမ် စစ်ကိုင်းတိုင်းလွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ယင်းမာပင်မြို့နယ်အမှတ်(၂)စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဝင်းရဲ့အမှတ်(၅)အထပ်သားသစ်စက် လည်ပတ်ခြင်းမရှိသည့်အကြောင်းရင်းနှင့် ရပ်နားထားစဥ်ဝန်ထမ်းများ၏လုပ်ငန်းတာဝန်နှင့် စက်ယန္တရား၊အဆောက်အအုံများ ပစ္စည်းများပျက်ဆီးမှု မရှိစေရေး မည်သို့စီမံထားပြီး စက်ရုံကိုမည်သည့်အချိန် ပြန်လည်လည်ပတ်မည်ကို သိရှိလိုကြောင်း မေးမြန်းရာမှာ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
“ကာလအတန်ကြာ စက်ရုံရပ်နားထားတာကြောင့် နိုင်ငံပိုင်စက်ရုံရဲ့ အရင်းအနှီးနဲ့ စက်ယန္တရားတွေ တန်ဖိုးလျော့နည်းနိုင်ပြီး နိုင်ငံတော် အတွက်ရရှိသင့်တဲ့ ဝင်ငွေနဲ့ဘဏ္ဍာငွေတွေ လျော့နည်းဆုံးရှုံးနေပါတယ်။ ဝန်ထမ်းတွေရဲ့စားဝတ်နေရေးနဲ့ လူမှုဘဝအခက်အခဲတွေ ဖြစ်ပေါ်လာနိုင်သလို ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ သစ်အခြေခံ စက်မှုကဏ္ဍ ထိခိုက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဒေသခံတွေကတင်ပြလာကြပါတယ်။”လို့ဦးကျော်နိုင်ဝင်းကပြောပါတယ်။
စက်ရုံအတွက်လိုအပ်တဲ့ ဘတ်ဂျက်တွေကို နှစ်စဥ်ဘဏ္ဍာနှစ် တနှစ်ကြိုတင်ပြီး မူလခန့်မှန်းခြေ စာရင်းတွေရေးဆွဲဆောင်ရွက်လျက်ရှိပြီး အခြေခံစက်မှုလုပ်ငန်းမှ ဌာနက ဘဏ္ဍာနှစ်အလိုက် စက်လည်ပတ်နိုင်မယ့်အခြေအနေပေါ်မူတည်လို့ နှစ်စဥ်နေရှင်နယ်ပလမ်နဲ့ ဝပ်ဗျူးပလမ်တွေရေးဆွဲဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ဝန်ကြီးဦးတင်သန်းဝင်းကပြောပါတယ်။
“စက်ရုံဟာအထပ်သားထုတ်လုပ်ဖို့ အတွက်သာ တည်ဆောက်ထားတဲ့ စက်ရုံအမျိုးအစားဖြစ်တဲ့ အတွက် တခြားနည်းလမ်းအသုံးပြုဖို့ခက်ခဲလှပါတယ်။ အနာဂတ်မှာကုန်ကြမ်းရရှိမယ် ဆိုရင် စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ကုန်ကြမ်းရရှိချိန်မှာ လက်ရှိဝန်ထမ်းတွေနဲ့ သွင်းကုန်လုပ်ငန်း
တွေ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့ဦးတင်သန်းဝင်းကပြောပါတယ်။
စက်ရုံရေရှည်ရပ်နားထားပါက နိုင်ငံတော်စက်ရုံရဲ့ ပစ္စည်းတွေ ပျက်ဆီးပြီးထိန်းသိမ်းစရိတ်တွေ တိုးမြှင့်လာတာနဲ့ နိုင်ငံတော်ရဲ့ရင်းနှီးမြုပ်နှံမှု အပေါ်အကျိုးဖြစ်ထွန်းမှု လျော့နည်းလာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်နိုင်ဝင်းကထောက်ပြထားပါတယ်။
စက်ရုံက စက်ယန္တရားတွေနဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ယိုယွင်းပျက်ဆီးမှုမရှိစေဖို့အတွက် အဆောက်အအုံတွေထဲမှာ စနစ်တကျသိမ်းဆည်းထားပြီး စက်ရုံဝန်ထမ်းတွေက ၂၄ နာရီ နေ့ ည တာဝန်တွေယူပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိတယ်လို့ ဝန်ကြီးဦးတင်သန်းဝင်းက ပြန်လည်ဖြေကြားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW