ဩဂုတ် ၁၄ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်အတွင်းက ဂွ၊ သံတွဲ၊ အမ်းနဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ် ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း အယောက် ၂၀ ကျော် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်မှာ မနေ့ ဩဂုတ် ၁၃ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေဆုံးခဲ့တဲ့အပြင် နေအိမ် ငါးလုံးနဲ့ သုံးဘီးဆိုင်ကယ် တစီးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“ရှစ်ယောက်လုံးက တနေရာတည်းမှာတင် ပွဲချင်းပြီး သေသွားတာ။ ကျိန္တလီမှာ တိုက်ခိုက်မှုမဖြစ်ခင် ဂွမြို့နယ်က ကိုင်းခုံကျေးရွာမှာလည်း ည ၁၀ နာရီ ၅၅ မိနစ်လောက်က လေကြောင်းတကြိမ် ဖြစ်သေးတယ်။ သေဆုံး၊ ဒဏ်ရာရနဲ့ အိမ်တွေ ပျက်စီးတာ မရှိခဲ့ဘူး။ လေကြောင်းက ရခိုင်ဘက်မှာ ဆက်တိုက်ဆိုသလို ဖြစ်နေတာ။ ဩဂုတ် ၁၂ ရက်နေ့ကလည်း ကိုင်းခုံရွာမှာပဲ လေကြောင်းနှစ်ကြိမ် ဖြစ်သေးတယ်။ အိမ် ခုနစ်လုံး ပျက်စီးသွားတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၄ ယောက် သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အလုံး ၂၀ နီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဩဂုတ် ၈ ရက်နေ့ကလည်း အမ်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရခဲ့တဲ့အပြင် ကားငါးစီးပျက်စီးခဲ့သလို ဩဂုတ် ၄ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေဖြစ်နေတာမှာ တရုတ်စီမံကိန်းတွေ များစွာရှိနေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာလည်း အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့ရဲ့ အကြီးဆုံး ရေတပ်စခန်းဖြစ်တဲ့ တောင်မော်ဦးရေတပ်စခန်းနဲ့ ၃ မိုင်အကွာက အဝတောင်ကျေးရွာအနီးနဲ့ မြို့နဲ့ ၇ မိုင်ကျော်အကွာရှိ ဇိုင်ချောင်း၊ သိုင်းချောင်း စတဲ့ ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး အစိုးရတပ်က အင်အား အဆက်မပြတ် ဖြည့်တင်းကာ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ AA ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ စစ်ရေးဖော်ဆောင်နေတာဖြစ်ပြီး သိုင်းချောင်း၊ ဇိုင်ချောင်းဘက်မှာ စစ်ကြောင်း တကြောင်း၊ တောင်မော်ဦး ရေတပ်စခန်းဘက်ကနေ စစ်ကြောင်း တကြောင်းတို့နဲ့ တိုက်ခိုက်နေသလို AA ဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့မှာ အစိုးရတပ်ရဲ့ ဓညဝတီရေတပ်ဌာနချုပ်၊ ခြေလျင်တပ်ရင်း (ခလရ – ၃၄)၊ ခြေမြန်တပ်ရင်း (ခမရ – ၅၄၂ ၊ ၅၄၃)၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီးရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲတို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့ မြို့တမြို့လို့ သိရပါတယ်။
Photo – CJ
