မင်းပြား ၊ ဇွန် – ၄ – ၂၀၁၉
ခိုင်လင်းစံ(VOM)
ပြီးခဲ့တဲ့နှစ်ရက်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ပစ်ခတ်မှုတွေကြောင့် စပါးထားကျေးရွာသားတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အတွက် စပါးထားနဲ့ ဘိတ်တောင်ကျေးရွာက လူဦးရေ ၂၀၀ ကျော်ဟာ မင်းပြားမြို့ပေါ်ကို ထွက်ပြေးရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
“ကျနော်တို့ရွာနားမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြီးတော့ မနေ့ကလည်း ဘုန်းကြီးကျေင်းမှာ လက်နက်ကြီး ကျည်ကျလို့ ရွာသားတွေ သေဆုံးတာ ရှိတယ်။ ဒဏ်ရာရသူတွေလည်း အများကြီးပါ။ ဒါကြောင့် ကျနော်တို့ လုံခြုံတဲ့နေရာကို ထွက်ပြေးလာခဲ့ကြတာပါ။” လို့ စပါးထားကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဇွန်၂ ရက်နေ့ နေ့လည်ပိုင်းက မင်းပြားမြို့နယ် ရွှေတမာကျေးရွာနဲ့ အောင်တိုင် (မူဆလင်)ကျေးရွာအကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၃ ရက်နေ့ မနက်ပိုင်းမှာတော့ စပါးထားကျေးရွာနဲ့ ဘိတ်တောင်ကျေးရွာအနီးမှာ ဆက်လက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“လောလောဆယ်မှာတော့ လူဦးရေ ၂၃၀ လောက်ရှိပါတယ်။ မနေ့ညနေပိုင်းကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ ဒီမနက်မှာလည်း ထပ်ပြီးတော့ ရောက်လာကြတယ်။ သူတို့နေရေးထိုင်ရေး စားရေးသောက်ရေးအတွက်တော့ မြို့က အဖွဲ့အစည်းတွေနဲ့ မြို့နယ်က အကူအညီပေးထားပါတယ်။”လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်ကျေးရွာသား ၂၀၀ ကျော်တို့ဟာ မင်းပြားမြို့ပေါ်မှာရှိတဲ့ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ခိုလှုံနေကြတာဖြစ်ပြီး စားရေးသောက်ရေးနဲ့နေရေးထိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဌာနနဲ့ အသင်းအဖွဲ့တွေက အကူအညီပေးထားတာ ဖြစ်ပါတယ်။
စပါးထားကျေးရွာသားတွေ ယာယီခိုလုံနေတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒဏ်ရာရသူ ၈ ဦးနဲ့ သေဆုံးသူ ၆ ဦးအထိရှိခဲ့ပြီဖြစ်ကာ အဲ့ဒီထဲက ဒဏ်ရာပြင်းထန်သူ ၅ ဦးကိုတော့ စစ်တွေဆေးရုံကို ပို့ဆောင်ထားတာ ဖြစ်ပါတယ်။
#voiceofmyanmar # မင်းပြားမြို့ပေါ်သို့စစ်ဘေးရှောင်နှစ်ရာကျော်လာရောက်ခိုလှုံ # ရခိုင် #မင်းပြား