အခုလာမယ့် မိုးစပါးနဲ့ နွေစပါးမှာ စပါးတင်း သန်း ၁၀၀ ရအောင်လုပ်မယ်

ရန်ကုန်၊ ဇွန် ၆ – ၂၀၁၉

သိင်္ဂီ (VOM)

 

လာမယ့်နှစ် မိုးစပါးနဲ့ နွေစပါး နှစ်ခုပေါင်းကို စပါးတင်းသန်းတစ်ရာ ထွက်ရှိအောင် စီမံချက်ရေးဆွဲထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။

 

” သန်း တစ်ရာကျော်သာ ထွက်မယ်ဆိုရင် ရန်ကုန်ရဲ့ စားသုံးမှုဖူလုံမယ်၊ ခုကတော့ ၉၂ ရာခိုင်နှုန်းကျော် ဖူလုံမှုရှိတယ်။ လိုအပ်တာကို တခြား တိုင်းနဲ့ပြည်နယ်တွေကနေ တင်သွင်းရတယ်။ နောက်ပြီး ရန်ကုန်တိုင်းက စိုက်ပျိုးတဲ့ စပါးတွေက အဆင့်မြင့်စပါး တော်တော်များများထွက်ရှိလို့ ပြည်ပတင်ပို့မှုထဲမှာ ပိုပြီးပါဝင်နေတယ်။ ဒါကြောင့် စားသုံးမှုလိုအပ်ချက်အတွက် တခြားဒေသတွေကနေ ရန်ကုန်ကို တင်သွင်းရတာ ဖြစ်တယ်။”လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဟံထွန်းက ပြောပါတယ်။

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့တတိယတစ်နှစ်တာ ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စိုက်ပျိုးရေးကဏ္ဍနဲ့ဆက်စပ်ပြီး လုပ်ဆောင်မယ့်အကြောင်းအရာတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က မိုးစပါးစိုက်ဧကပေါင်း ဆယ့်တစ်သိန်းကျော် စိုက်ပျိုးခဲ့ပြီး စပါးအထွက်အနေနဲ့ စပါးတင်း ၇၄ သန်းကျော် ထွက်ရှိခဲ့တယ်လို့ တတိယတစ်နှစ်တာ စိုက်ပျိုးရေး စာရင်းတွေအရ သိရပါတယ်။

 

ခုလာမယ့် မိုးစပါးမှာတော့ စိုက်ပျိုးဧက ၁၂ သိန်း စီမံလျာထားသလို နွေစပါးစိုက်ပျိုးဧကကိုလည်း ၂သိန်း ဝန်းကျင်ခန့် စိုက်ပျိုးသွားနိုင်ဖို့ ဆောင်ရွက်ထားကြောင်းနဲ့ အဲ့ဒီ စိုက်ခင်းတွေကနေ စပါးတင်း သန်း ၁၀၀ ကျော် ထွက်ရှိအောင် လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီအတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနကနေ နည်းစနစ် ၆ ရပ် ချမှတ်ပြီး စပါးအထွက်တိုးအောင် လုပ်ဆောင်မှာဖြစ်ကြောင်း၊ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးလည်း တောင်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တောင်သူတွေကိုတော့ စက်ပစ္စည်း ၊ နည်းပညာပိုင်းတွေ ပံ့ပိုသွားမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ် စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် ရန်ကုန်တိုင်းထဲက မြို့နယ် ၁၂ မြို့နယ်ကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ်မြေဆစ်ဧကကို ကျပ်ငွေ တစ်သိန်း ငါးသောင်းနှုန်းနဲ့ စိုက်ဧက ၆၁၈၀၂၄ ကို စိုက်ပျိုးစရိတ်ချေးငွေကျပ်ပေါင်း ၉၂၇၀၃.၆၀၀ သန်း ထုတ်ချေးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

#voiceofmyanmar # အခုလာမယ့် မိုးစပါးနဲ့ နွေစပါးမှာ စပါးတင်း သန်း ၁၀၀ ရအောင်လုပ်မယ် # စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန   # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW